၂၅. ၁. ၂၀၂၅
Written by Nyein Kyaw
မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေသည့် စီမံကိန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်မည့် အခင်းအကျင်းကို ဖော်ဆောင်သွားမည့်အပြင် အိမ်နီးချင်းကောင်းနိုင်ငံအဖြစ် ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပသည့် ၂၀၂၅ ခုနှစ်၊ မြွေနှစ် တရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနားတွင် ပြောကြားသည်။
တရုတ်နိုင်ငံအနေဖြင့် မိမိနိုင်ငံတစ်ခုတည်း ဖွံ့ဖြိုးတိုးတက်ရေးထက် မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများ၊ အခြားသောကမ္ဘာ့နိုင်ငံများကိုပါ တစ်ပါတည်း ဖွံ့ဖြိုး တိုးတက်စေရန် BRI စီမံကိန်းများကို အကောင်အထည်ဖော်နေသည်ကို တွေ့ရကြောင်း၊ မြန်မာနိုင်ငံနှင့် ပတ်သက်၍လည်း မြန်မာ-တရုတ် စီးပွားရေးစင်္ကြံစီမံကိန်းများကို အကောင်အထည် ဖော်လျက်ရှိခြင်းကြောင့် တရုတ်နိုင်ငံ၏ ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ရေးနှင့် အပြန်အလှန်အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုများကို မြန်မာနိုင်ငံ အနေဖြင့် အလေးထားလျက်ရှိသည်ကို ပြောကြားလိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေသည့်စီမံကိန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်မည့် အခင်းအကျင်းကိုဖော်ဆောင်ပြီး မြန်မာနိုင်ငံက တရုတ်နိုင်ငံ၏ ယုံကြည်စိတ်ချရသည့် အိမ်နီးချင်းမိတ်ဆွေကောင်းနိုင်ငံအဖြစ် ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
တရုတ်-မြန်မာ နှစ်နိုင်ငံအနေဖြင့် ပထဝီမြေအနေအထားအရ မိုင်ပေါင်း ၁၃၀၀ ကျော် ထိစပ်နေခြင်းကြောင့် လူမျိုးအရ၊ ယဉ်ကျေးမှုအရ များစွာနီးစပ်မှုရှိကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးကို ကြည့်ပါကလည်း မှတ်တမ်းများအရ ခရစ်နှစ် ၉၀၁ ခုနှစ်က စတင်ခဲ့ခြင်းကြောင့် နှစ်ပေါင်းတစ်ထောင်ကျော် ရှိခဲ့ပြီဖြစ်သည်။
ထိုသို့ နှစ်ပေါင်းထောင်ချီခဲ့သည့် ဆက်ဆံရေးနှင့် ရှည်လျားသည့်နယ်နိမိတ် ထိစပ်နေခြင်းကြောင့်လည်း တရုတ်-မြန်မာ နှစ်နိုင်ငံအကြားတွင် ခိုင်မာသည့်ဆက်ဆံရေးများ ထူထောင်နိုင်ခဲ့ပြီး ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး၊ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး၊ အေးအတူပူအမျှ အသိုက်အဝန်းထူထောင်ရေး စသည့်ဆက်ဆံရေးမျိုးကို ထူထောင်နိုင်ခဲ့ကြကြောင်း၊ မိမိအနေဖြင့် ရှေ့ဆက်ပြီးတော့လည်း တရုတ်- မြန်မာ နှစ်နိုင်ငံဆက်ဆံရေးနှင့် နှစ်နိုင်ငံပြည်သူများအကြား ရင်းနှီးချစ်ကြည်ရေးကို ပိုမိုတိုးတက်ခိုင်မာအောင် အလေးအနက်ထား ဆောင်ရွက်သွားမည်ဖြစ်သည်ကို ပြောလိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။