၂၅.၁.၂၀၂၅
Written By Thandar
Mahar Oranginal Series ရဲ့ ရာဇဝင်တွေ လျှို့ဝှက်ဆန်းကြယ်မှုများစွာနဲ့ပြည့်နေတဲ့ အိမ်အိုကြီးရဲ့ နောက် ကွယ်က အကြောင်းအရာတွေကို စိတ်ဝင်စားဖွယ် ရိုက်ကူးပုံဖော်ထားတဲ့ “ကျေးလက်က မီးအိမ်ရှင်” ဇာတ်လမ်းတွဲမိတ်ဆက်ပွဲကို ယနေ့ ဇန်နဝါရီ ၂၅ ရက် နံနက် ၁၀ နာရီခွဲက ရန်ကုန်မြို့ရှိ ကန်သာယာရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
ဒီဇာတ်လမ်းတွဲ မိတ်ဆက်ပွဲကို သရုပ်ဆောင် နေမင်း၊ ညိမ်းသော်၊ ကျော်ထက်၊ အိချောပို၊ မေပန်းချီ၊ ယွန်းဝင့်လွှာအောင်နဲ့ တခြား အနုပညာရှင်များစွာက တက်ရောက်ခဲ့ကြပါတယ်။
“မြိုပြနဲ့ အလှမ်းဝေးတဲ့ ရွာတစ်ရွာမှာ ထူးဆန်းတဲ့ အရာလေးဖြစ်ပေါ်လာတာကို ဇာတ်အိမ်တည်ရိုက်ကူးထားတာပါ။ ကြောက်စရာအိမ်အိုကြီးအကြောင်းကို ထည့်ရိုက်ထားပါတယ်။ အိမ်အိုကြီး ရိုက်ကူးချိန် အိမ်စောင့်အဘိုးကို ဝင်ပူးတာလည်း ကြုံခဲ့ရတယ်။ ထူးခြားတဲ့ အဖြစ်အပျက်လေးပါ။ ကျွန်တော်တို့ ဒီဇာတ်ကားကို သရုပ်ဆောင် အင်အားကောင်းကောင်းနဲ့ ကြိုးစားအားထုတ်ကြတာဖြစ်ပါတယ်” လို့ ဒါရိုက်တာ အောင်ဇော်လင်းက ပြောပါတယ်။
ဒီဇာတ်လမ်းတွဲကို ဝတ္ထု ရွှန်းရမီမိုး၊ ဇာတ်လမ်းအခန်းနဲ့ ဇာတ်ညွှန်းပိုင်းကိုတော့ ခေတ်ရှေးညိုနဲ့ ကံသာတို့က ရေးသားသလို ဆဲဗင်းဒေးက ဇာတ်ညွှန်းပိုင်းပြင်ဆင်မွမ်းမံထားပြီး ဒါရိုက်တာ အောင်ဇော်လင်းက ဧရာဝတီတိုင်းဘက်က ဇလွန်မှာ သွားရောက်ကူးခဲ့တာလည်းဖြစ်ပါတယ်။
“ဒီ ဇာတ်လမ်းတွဲမှာတော့ မြင်နေကျပုံစံမျိုးနဲ့ မတူဘဲ ထူးခြားတာတွေကို မြင်ရမှာပါ။ ရွာဓလေ့လေးတွေပါတော့ ကြည့်ရတာ ပရိသတ်တွေလည်း ကြိုက်ကြမှာပါ။ ရိုက်ထားတာလေးတွေက အစ မိုက်တယ်။ ကျွန်တော်က ဒီထဲမှာ ဗီလိန် ကာရိုက်တာ ပုံစံမျိုးပါ “လို့ သရုပ်ဆောင် ကျော်ထက်က ပြောပါတယ်။
သရုပ်ဆောင်တွေဖြစ်တဲ့ နေမင်း၊ ညိမ်းသော်၊ ကျော်ထက်၊ မင်းဟိဏ်း၊ ညီညီမင်းထက်၊ ဝေဖြိုး၊ အိချောပို၊ မေပန်းချီ၊ ယွန်းဝင့်လွှာအောင်၊ နှင်းဝတ်ရည်ကျော် ၊ ကောင်းဆက်ထူးနဲ့ အနုပညာရှင်များစွာက ပါဝင်ထားကြပါတယ်။
အပိုင်း၂၁ ပိုင်းစာပါဝင်တဲ့ “ကျေးလက်က မီးအိမ်ရှင်” ဇာတ်လမ်းတွဲကို ဇန်နဝါရီ ၂၃ ရက်ကစ ည ၇ နာရီတိုင်းမှာ တနင်္လာနေ့၊ အင်္ဂါ၊ ကြာသပတေးနဲ့ သောကြာနေ့တွေမှာ Mahar Application က ကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။