၂၅. ၁. ၂၀၂၅
Written by Nyein Kyaw
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ မြန်မာ့သားကောင်း အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်)ကို စစ်မှုထမ်းဟောင်းမြို့အဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် မြန်မာသားကောင်း အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) သို့ သွားရောက် ကြည့်ရှုစစ်ဆေးစဉ် ပြောကြားသည်။
မြန်မာ့သားကောင်း အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်)အား စစ်မှုထမ်းဟောင်းမြို့အဖြစ် တည်ဆောက်နေခြင်းဖြစ်ပြီး ရန်ကုန်မြို့တော် ဖွံဖြိုးရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသည့် စံပြုအိမ်ရာတစ်ခုအဖြစ် ရည်မှန်းဆောင်ရွက်သွားရန်လိုကြောင်း၊ အိမ်ရာအတွင်း လိုအပ်သည့်လျှပ်စစ်ဓာတ်အား ရရှိစေရေးအတွက် စီမံကိန်းလိုအပ်ချက်နှင့် ကိုက်ညီသည့် ဆိုလာလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းတစ်ခုကိုလည်း စနစ်တကျတွက်ချက်၍ ထည့်သွင်းဆောင်ရွက်သွားရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
အိမ်ရာများဆောက်လုပ်ရာတွင် မြေကိုအကျိုးရှိရှိနှင့် အကွက်ကျကျအသုံးချနိုင်ရေး စနစ်တကျတွက်ချက် ဆောင်ရွက်သွားရန်လိုကြောင်း၊ လက်ရှိအချိန်အထိ အိမ်ရာဝန်းတစ်ခုအတွင်း၌ပင် အိမ်ခန်းပေါင်း ၄၀၀၀ ကျော်ကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး မြို့ငယ်တစ်မြို့ကဲ့သို့ ဖြစ်လာပြီဖြစ်၍ လိုအပ်သည်များ ဖြည့်ဆည်းပေးရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
SAC ဥက္ကဋ္ဌသည် စစ်မှုထမ်းဟောင်းအိမ်ရာအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ပြီး အိမ်ရာသန့်ရှင်းသာယာလှပရေး၊ ရေသွင်းရေထုတ်စနစ်များ စနစ်တကျဖြစ်ရေးအတွက် တာဝန်ရှိသူများကို မှာကြားခဲ့သည်။