October 23, 2024

မော်စကိုမြို့ရှိ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန အဆောက်အအုံအားတွေ့ရစဉ်

၁၃. ၁. ၂၀၂၃
Translated by Htwe Ko Tun

အကယ်၍ ရုရှားနှင့် ယူကရိန်းတို့အကြား စေ့စပ်ညှိနှိုင်းမှုများ ပြန်လည်စတင်မည်ဆိုပါက ကြားခံနိုင်ငံများမလိုအပ်ဘဲ နှစ်နိုင်ငံတိုက်ရိုက်တွေ့ဆုံဆွေးနွေးကြခြင်းကသာ အကောင်းဆုံးသောနည်းလမ်းဖြစ်မည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၊ ကွန်ပျူတာသတင်းအချက်အလက်စနစ်များဦးစီးဌာနမှ ညွှန်ကြားရေးမှူး အလက်ဆီ ပိုလစ်ချပ်က တွေ့ဆုံမေးမြန်းပွဲတစ်ခုတွင် ပြောကြားသွားခဲ့သည်။

၎င်းအား ရုရှားအနေဖြင့် ယူကရိန်းနှင့်တိုက်ရိုက်ဆွေးနွေးရန်ရှိမရှိ မေးမြန်းခဲ့သောအခါတွင် အလက်ဆီ က “တကယ်လို့ နှစ်နိုင်ငံအကြား ညှိနှိုင်းမှုတွေ ပြန်လုပ်ကြရင် ကြားခံနိုင်ငံမလိုဘဲ တိုက်ရိုက် ဆွေးနွေးကြမှုက အကောင်းဆုံးသောနည်းလမ်းပါ။ ဒီလိုပြုလုပ်ဖို့ ရုရှားအစိုးရက လိုလားတယ်။ အနောက်အုပ်စု ကြားခံနိုင်ငံတွေပါလာရင် သူတို့က ပဋိပက္ခကို ဖြေရှင်းဖို့ထက် ဆွေးနွေးပွဲတွေမှာ သူတို့ရဲ့ သြဇာလွှမ်းမိုးနိုင်ဖို့နဲ့ သူတို့ရဲ့ နိုင်ငံရေး၊ စီးပွားရေးအကျိုးအမြတ်တွေအတွက် ထည့်သွင်းကြိုးစား ပြောလာကြတော့မယ်” ဟု ဖြေကြားသွားခဲ့သည်။

၎င်းကဆက်လက်၍ ၂၀၂၁ ခုနှစ်အတွင်း ရုရှား-ယူကရိန်းဆွေးနွေးပွဲများကို ဖေဖော်ဝါရီလမှ ဧပြီလအထိ ဘီလာရုစ်နိုင်ငံတွင် သုံးကြိမ်နှင့် တူရကီနိုင်ငံတွင် တစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း၊ ၎င်းဆွေးနွေးပွဲများကို နှစ်နိုင်ငံတိုက်ရိုက်အားဖြင့်သာ ဆက်သွယ်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ နောက်ပိုင်းတွင်လည်း ဗီဒီယိုမှနေ့စဉ်ဆက်သွယ်မှုရှိကြောင်း၊ ယခုအထိလည်း နှစ်နိုင်ငံအကြား အပြန်အလှန်တုံ့ပြန်ဖလှယ်မှုများရှိကြောင်း၊ ၎င်းတို့ကို နှစ်နိုင်ငံတိုက်ရိုက်သာ ပြုလုပ်ခဲ့ကြောင်း ပြောခဲ့သည်။

Ref—-Tass

Leave a Reply

Your email address will not be published. Required fields are marked *