၂၅. ၁. ၂၀၂၅
Written by Nyein Kyaw
၂၀၂၅ ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားအား ယနေ့တွင် ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌနှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ခဲ့သည်။
အဆိုပါ အခမ်းအနားအား SAC ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia တို့က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီးနောက် တရုတ်နိုင်ငံမှ ရှောင်လင်ကျောင်းသားများက ရှောင်လင်သိုင်းအလှများ၊ တရုတ်ရိုးရာ နဂါးအကများ၊ ခြင်္သေ့အကများ၊ ပီခြူးအကများအပြင် ဝူရှူးသိုင်းအကများဖြင့် ဖျော်ဖြေခဲ့သည်။
တရကျောင်းမှ ဆရာတော်အား SAC ဥက္ကဋ္ဌက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ပုံတူဆင်းတုတော်အား လက်ဆောင်ပေးခဲ့သလို ကပြဖျော်ဖြေခဲ့ကြသောအဖွဲ့သားများကိုလည်း SAC ဥက္ကဋ္ဌနှင့် ဇနီး၊ တရုတ်သံအမတ်ကြီးတို့က တရုတ်ရိုးရာနှစ်သစ်အန်ပေါင်းများ ပေးအပ်ခဲ့ကြသည်။
၂၀၂၅ ခုနှစ်သည် တရုတ် – မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅)နှစ်မြောက်ဖြစ်ပြီး တရုတ်ပြက္ခဒိန်၏ မြွေနှစ်လည်းဖြစ်သည်။ တရုတ်ရိုးရာယဉ်ကျေးမှုတွင် မြွေထွက်ပေါ်လာခြင်း၏ အဓိပ္ပာယ်မှာ အသက်ရှည်ခြင်း၊ ချမ်းသာခြင်းနှင့် ကံကောင်းခြင်းပင်ဖြစ်သလို ဗုဒ္ဓဆီမီးထွန်းလင်းတောက်ပသော နှစ်ဟုလည်း ခေါ်ဆိုကြသည့် တရုတ်နှစ်သစ်လည်းဖြစ်သည်။