၂၅. ၁. ၂၀၂၅
Written by Shwe Phyo
ရခိုင်ပြည်နယ်နေထိုင်နေသော တိုင်းရင်းသားလူမျိုးများအနက် လူနည်းစုတိုင်းရင်းသားဖြစ်သော မြိုတိုင်းရင်းသားလူငယ်များကို ULA/AA အဖွဲ့က ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်ပြီး ULA/AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ၏ ပြောဆိုချက်များသည် လက်တွေ့မြေပြင်အဖြစ်မှန်နှင့် ကွဲလွဲနေကြောင်း ရခိုင်အရေးလှုပ်ရှားသူတစ်ဦးကထုတ်ဖော်ပြောဆိုလိုက်သည်။
ရခိုင်အရေးလှုပ်ရှားသူတစ်ဦးက “လက်ရှိ ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်းတွင် ULA/AA က မြို လူမျိုးများအား အတင်းအဓမ္မစစ်မှုထမ်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတဲ့ကိစ္စနှင့်ပတ်သတ်ပြီး ULA/AA ပြောရေးဆိုခွင့်ရှိသူဖြစ်သော ခိုင်သုခပြောကြားချက်အရ အသက်မပြည့်သေးတဲ့သူတွေကို ဒေသလုံခြုံရေးနှင့်ကာကွယ်ရေးအတွက်ဖမ်းဆီးခေါ်ဆောင်သွားတာမရှိဘူးလို့ပြောပါတယ်။ ဒါပေမယ့် မြေပြင်မှာ အသက်မပြည့်သေးတဲ့ကျောင်းသားအများအပြားကိုဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ ဘာလို့ ဒီလို ပြောနိုင်လဲဆိုရင် ကာယာကံရှင်များရဲ့ အိမ်ထောင်စုနှင့်လူဦးရေစာရင်း မှတ်ပုံတင်တို့ကို မှတ်တမ်းယူပြီးပြောနိုင်ခြင်းဖြစ်ပါတယ်။ တချို့ဆိုရင် ရန်ကုန် မန္တလေးအစရှိတဲ့တိုင်းဒေသကြီးမှာရှိတဲ့(ပရဟိတ)ကျောင်းတွေမှာ ပညာသင်ယူပြီး မိမိဒေသကို ခေတ္တခဏ အလည်အပတ်ပြန်တဲ့အချိန် တိုက်ပွဲဖြစ်ပြီး လမ်းပိတ်လို့ ပညာသင်ရန်ပြန်မလာနိုင်ဘဲမိမိရပ်ရွာမှာတောင်တင်နေကာ ULA/AAရဲစစ်မှုထမ်းမှာဖမ်းဆီးခေါ်ဆောင်ခြင်းကိုခံရသူ ကျောင်းသားများလည်းရှိပါတယ်။ နောက်တစ်ခုက အသက်ပြည့်မှီပေမယ့် မိဘဆုံးပါးသွားလို့ မိသားစုတာဝန်ထမ်းဆောင်နေရတဲ့လူငယ်တွေလည်းပါတယ်။ သူတို့ရဲ့မိသားစုစားဝတ်နေရေးအတွက် အနာဂတ်မှာ ပြောမပြတတ်အောင်ခက်ခဲ့ကျပ်တည်းနေမယ်ဆိုတာ အားလုံးတွေးနိုင်ပါတယ်။” ဟုပြောသည်။
မောင်တောမြို့နယ် မြောက်ပိုင်းက သီဟိုဠ်အေး၊ ကိုင်းကြီး၊ သစ်တုံနားခွဆုံ၊ နန်းရာကိုင်း၊ ရွေတိုင်၊ လေးမြိုကေသီ စသည့် ကျေးရွာများက အသက် ၁၃ နှစ်မှ ၅၀ အတွင်းရှိ မြိုအမျိုးသား ၉၀ ကျော်ကို ရခိုင်လက်နက်ကိုင် AA က ဒီဇင်ဘာလအတွင်း ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။
AA အနေဖြင့် စစ်မှုထမ်းရန် ခေါ်ယူလိုလျှင် လူကြီး လူကောင်းပီပီ ခေါ်ယူစေချင်ကြောင်းနှင့် ကာယကံရှင်များ၏ သဘောဆန္ဒမပါဘဲ အတင်းယူခေါ်ခြင်းကို မလုပ်သင့်ကြောင်း မြိုတိုင်းရင်းသားများက ပြောသည်။