October 23, 2024

၁၃. ၁. ၂၀၂၃
Written By Thandar

အွန်လိုင်းဆယ်လီ အလင်းသခင် (ခ) မယ်သခင်ကိုတော့ ဥပဒေပုဒ်မ ၅၀(ည) အရ အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ်ကို မူဆယ်ခရိုင် တရားရုံးကနေ ယနေ့ ဇန်နဝါရီ ၁၃ ရက်မှာ အမိန့်ချမှတ်လိုက်တယ်လို့ မိသားစုဝင်တစ်ဦးက MT News Entertainment ကို ပြောပါတယ်။

“အကို့ကို လွန်ခဲ့တဲ့ ၃ လလောက်က မူဆယ်နေအိမ်မှာပဲ လာဖမ်းသွားကြတာပါ။ ဒီနေ့အမိန့်ချလိုက်ပြီးတော့ မူဆယ်အချုပ်ထဲမှာပဲ ရှိသေးပါတယ်။ ဒီနေ့လည်း တွေ့ခဲ့ပါတယ်။ ကျန်းမာရေးကတော့ ကောင်းပါတယ်။ သူကျူးလွန်ခဲ့တာ တရားရုံးတော်က အထောက်အထားသေချာမပြနိုင်ဘဲ အမိန့်ချလိုက်တဲ့အပေါ် တော်တော်လေး စိတ်မကောင်းဘူးလို့ ပြောပါတယ်။ တရားမျှတစွာဆုံးဖြတ်ပေးတာကိုတော့ လိုချင်ပါတယ်”လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

Online ဆယ်လီ အလင်းသခင်ကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၄ ရက်က မူဆယ်နေအိမ်မှာပဲ လာရောက် ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး NUG၊ CRPH ၊ မူဆယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ PSDA, CDM ဝန်ထမ်းတွေကို ထောက်ပံ့လှူဒါန်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အကြမ်းဖျက်တိုက်ဖျက်ရေး ဥပဒေ ၅၀(ည) အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်ကို ဒီနေ့မှာ မူဆယ်ခရိုင် တရားရုံးကနေ ချမှတ်လိုက်တယ်လို့ သိရပါတယ်။

“စဖမ်းတုန်းကတော့ Facebook ပို့စ် တစ်ခုတင်လို့ ဖမ်းလိုက်တာပါ။ အမိန့်ချတာကတော့ တခြားကိစ္စနဲ့ အမိန့်ချလိုက်တာပါ။ ဖုန်းကို စစ်ဆေးပြီး ရှမ်းပြည်မြောက်ပိုင်း PSDA ကို Light King နာမည်နဲ့ အလှူငွေလွှဲတဲ့ ဂုဏ်ပြုမှတ်တမ်းလွှာက အကို့ဖုန်းထဲရှိနေတယ်ဆိုပြီး အဲဒါနဲ့အမိန့်ချလိုက်တာပါ”လို့ သူက ဆက်လက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *