၂၅.၁.၂၀၂၅
Photo by The Doe
ကော်ပီ သီချင်းခေတ်မှာ ကိုယ်ပိုင်သံစဉ်ကိုသာ သီဆိုသူတစ်ဦးအနေနဲ့ လူသိများပြီး နာမည်ကြီးအဆိုတော် တေးရေးဆရာတစ်ဦးဖြစ်တဲ့ ရော့ခ်ဂီတ တေးသံရှင် မာရဇ္ဇ (ခ) ကိုသိန်းဇော်ဟာ အသက် ၅၈ နှစ်အရွယ် ဇန်နဝါရီ ၂၃ ရက်နေ့ ည ၁၁ နာရီ ၇ မိနစ်က ဗဟိုရ်စည်ဆေးရုံမှာ ကျောက်ကပ်ရောဂါနဲ့ကွယ်လွန်ခဲ့ပြီး ဒီနေ့လယ် ၂ နာရီမှာတော့ ရေဝေးသုသာန်မှာ နာရေးအခမ်းအနားကျင်းပခဲ့ပါတယ်။
အဆိုတော် မာရဇ္ဇဟာ တေးသီချင်းကောင်းများစွာ သီဆိုအောင်မြင်ခဲ့သလို ရည်းစားဦးအတွက်သီချင်း၊ ဆင်မြီးကွင်းလက်စွပ်၊ ကဥ္စနား၊ မျှော်လင့်ခြင်းလမင်း၊ ဆွဲအား၊ ဝေးဝေးကလွမ်း၊ အလွမ်းမိတ်ဆွေ၊ ရွှေရောင်ကောင်းကင်၊ ဒွိဟ စတဲ့ သီချင်းတွေဟာ လူငယ်တွေအကြား စွဲလမ်းခဲ့ရတဲ့ သီချင်းတွေဖြစ်သလို ရင်သို့တိုးဝှေ့ဆဲပါခိုင်၊ မအေးကိုချစ်လို့ပါ၊ ဟင်္သာတို့ရဲ့ နန်းတော်ရှေ့ စတဲ့ ပြန်ဆိုတေးတွေကလည်း ပရိသတ်မရိုးနိုင်အောင် ကြိုက်ခဲ့ရတဲ့ သီချင်းတွေဖြစ်ပါတယ်။.
ဆယ်စုနှစ်များစွာ ပရိသတ်အခိုင်အမာရရှိထားတဲ့ မာရဇ္ဇဟာ ပြန်ဆိုတေးခေတ်မှာလည်း ပရိသတ်နှစ်ခြိုက်အောင် သီဆိုနိုင်ခဲ့သူဖြစ်ပြီး မာရဇ္ဇရဲ့ ရုပ်အလောင်းကို မီးသင်္ဂြိုဟ်ပြီးချိန်မှာ ဂူသွင်းမြှုပ်နှံသွားဖို့ စီစဥ်ထားတယ်လို့လည်း သိရပါတယ်။
“အသက် ၅၈ နှစ်ဆိုတာက ကျွန်တော်တို့သက်တမ်းနဲ့ယှဥ်မယ်ဆိုရင် အများကြီးနေလို့ရပါသေးတယ်။ သီချင်းတွေနဲ့ ပတ်သက်လာရင် သူ့ရဲ့ခံယူချက်၊ ရပ်တည်ချက်ကို ပွင့်ပွင့်လင်းလင်းနဲ့ ပြောရဲတဲ့လူတစ်ယောက်။ အဲဒီလိုလူတစ်ယောက် ဆုံးရှုံးသွားတာ ကမ္ဘာလောကကြီးအတွက်တော့ သီချင်းကောင်းတွေ ရပ်တန့်သွားတာလို့ပဲ ဝမ်းနည်းစကားပြောချင်ပါတယ်”လို့ အဆိုတော်ဂျေညီညီက ပြောပါတယ်။
မာရဇ္ဇရဲ့ နောက်ဆုံးခရီးကို ဂျေမောင်မောင်၊ ဂျေညီညီ၊ စည်သူလွင်၊ ဂရေဟမ်၊ မေခလာ၊ ပန်းရောင်ခြယ်၊ စိုင်းစိုင်းခမ်းလှိုင်၊ ဒေါင်းဝေ၊ ဖိုးကျော်၊ ချစ်စမ်းမောင်၊ နိုင်ဇော် စတဲ့ အဆိုတော်သရုပ်ဆောင်တွေနဲ့ ဂီတအနုပညာရှင်တွေ မာရဇ္ဇကို ချစ်ခင်သူတွေက လိုက်ပါ ပို့ဆောင်ခဲ့ပါတယ်။