၂၅.၁.၂၀၂၅.
Translated by Htwe Ko Tun
ထိုင်းနိုင်ငံရဲ့ ဒေသဆိုင်ရာလျှပ်စစ်ဓါတ်အားအာဏာပိုင်အဖွဲ့ (PEA) က တကယ်လို့ မြန်မာနိုင်ငံ ပိုင်နက်အတွင်းရှိနေတဲ့ ကျားဖြန့်ဂိုဏ်းတွေရဲ့လုပ်ငန်းတွေ ပျက်ပြားစေဖို့အတွက် မြန်မာနိုင်ငံရဲ့ နယ်စပ်မြို့တွေကို ထိုင်းနိုင်ငံဘက်က လျှပ်စစ်ဓာတ်အားပေးနေမှုကို ရပ်ဆိုင်းဖို့ လုံခြုံရေးအာဏာပိုင်တွေကပြောလာခဲ့ရင် သူ့အနေနဲ့ ဆောင်ရွက်သွားဖို့ အဆင်သင့်ပဲလို့ ဇန်နဝါရီလ ၂၄ ရက်မှာ ပြောခဲ့ပါတယ်။
PEA ရဲ့ ဒုတိယအုပ်ချုပ်ရေးမှူး ပရာဆစ် ဂျန်ပရာဆစ်က မြန်မာနိုင်ငံအတွင်းကို လျှပ်စစ်ဓာတ်အားပေးနေမှု ဆိုင်းငံ့ထားဖို့အတွက်က နှစ်နိုင်ငံလုံခြုံရေးအဖွဲ့တွေရဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်မှုလိုအပ်နေတယ်လို့ ပြောခဲ့ပါသေးတယ်။ သူက ဒီလို ဆိုင်းငံ့မှုပြုခဲ့ရရင် နယ်စပ်တစ်လျှောက်နေထိုင်ကြပြီး PEA ရဲ့ ဓာတ်အားပေးမှုအပေါ် မှီခိုနေရတဲ့ ထိုင်းနိုင်ငံသား လျှပ်စစ်ဓာတ်အားအသုံးပြုသူတွေကို မထိခိုက်စေရပါဘူးလို့ အာမခံပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံအောက်လွှတ်တော် နိုင်ငံလုံခြုံရေး၊ နယ်စပ်ရေးရာ၊ အမျိုးသားသေနင်္ဂဗျူဟာနဲ့ ပြုပြင်ပြောင်းလဲမှုကော်မတီရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက မြန်မာနိုင်ငံအတွင်း ကျားဖြန့်ဂိုဏ်းတွေရှိရာနေရာတွေကို ဘာကြောင့် ဓာတ်အားမဖြတ်တောက်သေးတာလဲ မေးခွန်းကို ဇန်နဝါရီလ ၂၃ ရက်က ရှင်းလင်းဖြေကြားခဲ့ပြီးတဲ့နောက် PEA ရဲ့ ဒုတိယအုပ်ချုပ်ရေးမှူး ပရာဆစ်က ခုလိုပြောကြားလာခဲ့တာပါ။
PEA က ဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ နိုင်ငံပိုင်အဖွဲ့အစည်းတစ်ခုပါ။
ဇန်နဝါရီလ ၂၄ ရက် က ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ရာမှာတော့ PEA က မြန်မာနိုင်ငံအနေနဲ့ သူ့ဆီက ဓာတ်အားဝယ်ယူနေကျဖောက်သည်နိုင်ငံဖြစ်ပေမယ့် ဒီကိစ္စနဲ့ ပတ်သက်လို့ သူ့သဘောတစ်ခုထဲနဲ့ ဆောင်ရွက်မှာမဟုတ်ဘူးလို့ ဖော်ပြခဲ့ပါတယ်။
ထိုင်းနိုင်ငံရှိ မြန်မာသံရုံးက ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဌာနကတစ်ဆင့် တောင်းဆိုလာမှုကြောင့် PEA က တာ့က်ပြည်နယ်ရဲ့တစ်ဖက် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်အတွင်း မြဝတီခရိုင်မှ ကျေးရွာနှစ်ရွာကိုလည်း ၂၀၂၃ ခုနှစ်က လျှပ်စစ်ဓါတ်အားပေးနေမှုကို ဖြတ်တောက်ခဲ့ပါတယ်။ရှမ်းပြည်နယ်က နယ်စပ်ဒေသ ကျေးရွာတစ်ရွာကို ဓာတ်အားပေးဖို့ သဘောတူညီချက်ကိုလည်း ၂၀၂၄ ခုနှစ်က ပယ်ဖျက်ခဲ့ပါတယ်။
PEA က လက်ရှိမှာ မြန်မာနိုင်ငံအတွင်း ငါးနေရာကို လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးနေပါတယ်။ တာ့က်ပြည်နယ်ကနေ မြဝတီခရိုင်အတွင်းနှစ်နေရာ၊ ချင်းရိုင်ပြည်နယ်ကနေ တာချီလိတ်မြို့နယ်အတွင်းနှစ်နေရာနဲ့ ကန်ချနာပူရီပြည်နယ်ကနေ မွန်ပြည်နယ်အတွင်း တစ်နေရာတို့ကိုဖြစ်ပါတယ်။
မြန်မာနိုင်ငံအစိုးရက မြန်မာနိုင်ငံအတွင်း သောင်းကျန်းသူတွေနယ်မြေမှာရှိတဲ့ ကျားဖြန့်စခန်းတွေဟာ လုပ်ငန်းလည်ပတ်ဖို့ ထိုင်းနိုင်ငံဘက်က လျှပ်စစ်ဓာတ်အားရနေတယ်လို့ ပြောကြားခဲ့အပြီးမှာ ထိုင်းအစိုး ရဘက်က ခုလို အရေးယူဆောင်ရွက်မှုတွေပြုလာရတာပါ။
Ref- Bangkok Post