၂၅. ၁. ၂၀၂၅
Written by Nyein Kyaw
သာစည် - ရွှေညောင် ရထားခရီစဉ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်းရှိ ရေမြေတောတောင် သဘာဝရှုခင်းများ ကြည့်ရှုနိုင်မည့် အောင်ပန်း - ကလော၊ ကလော-မြင်းဒိုက် ၁၅ ယောက်စီး RGC ရထားစင်းလုံးငှား ခရီးစဉ်များကိုလည်း ပြေးဆွဲပေးသွားမည်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ အသိပေးကြေညာထားသည်။
၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း ကြုံတွေ့ခဲ့ရသည့် ရာဂီစူပါတိုင်ဖွန်းမုန်တိုင်း သဘာဝဘေးဒဏ် ရေကြီးရေလျှံမှုကြောင့် ရန်ကုန်-မန္တလေးလမ်းပိုင်း၊ သာစည်-ရွှေညောင်-တောင်ကြီးလမ်းပိုင်းတို့ရှိ အချို့နေရာများတွင် ရထားလမ်းတာပေါင်များ၊ တံတားများပျက်စီးခြင်းနှင့် ကြုံတွေ့ခဲ့ရသည်။
သို့သော် မြန်မာ့မီးရထားအနေဖြင့် လမ်းပိုင်းအလိုက် ပျက်စီးမှုများကို ဦးစားပေး၍ ပြုပြင်နိုင်ခဲ့သောကြောင့် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၃ ရက်မှစ၍ ရန်ကုန်-မန္တလေး ရထားလမ်းတောက်လျှောက် ပြန်လည်ဖွင့်လှစ်ပြီး လူစီးရထားများနှင့် ကုန်ရထားများကို ပုံမှန်ခရီးစဉ်များအဖြစ် ပြန်လည်ပေးဆွဲပေးနိုင်ခဲ့သည်။
ထို့အတူ သာစည်-ရွှေညောင်လမ်းပိုင်းအတွင်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လမ်းပိုင်းအလိုက် ဦးစားပေးပြုပြင်နိုင်ခဲ့သဖြင့် ဇန်နဝါရီ ၂၈ ရက်တွင် လမ်းပိုင်းအားလုံး ပြန်လည်ဖွင့်လှစ်ပေးနိုင်မည်ဖြစ်၍ သာစည်-ရွှေညောင်လမ်းပိုင်းတွင် ပြေးဆွဲပေးခဲ့သော အမှတ်(၁၄၁)အဆန် သာစည်-ရွှေညောင် လူစီးရထားကို ဇန်နဝါရီ ၃၁ ရက်မှစတင်ပြီး အပတ်စဉ် သောကြာနေ့နှင့် အမှတ်(၁၄၂) အစုန် ရွှေညောင်- သာစည်လူစီးရထားကို ဖေဖော်ဝါရီ ၃ ရက်မှစတင်ပြီး အပတ်စဉ် တနင်္လာနေ့တို့တွင် ပုံမှန်ပြေးဆွဲပေးသွားမည်ဖြစ်သည်။
အမှတ် (၁၄၁) အဆန်ရထားသည် သာစည်မှ နံနက် ၆ နာရီထွက်ခွာ၍ ရွှေညောင်သို့ ညနေ ၅ နာရီတွင်လည်းကောင်း၊ အမှတ်(၁၄၂) အစုန်ရထားသည် ရွှေညောင်မှ နံနက် ၇ နာရီ ထွက်ခွာ၍ သာစည်သို့ ညနေ ၆ နာရီတွင် ရောက်ရှိမည်ဖြစ်သည်။ ခရီးစဉ် အစအဆုံးအတွက် လက်မှတ်ခမှာ ရိုးရိုးတန်း ကျပ် ၉၀၀၀ နှင့် အထက်တန်းလက်မှတ်ခမှာ ကျပ် ၁၂၀၀၀ ဖြစ်သည်။
ထို့ပြင် ပြည်တွင်းမှ ခရီးသွားလာမည့် ပြည်သူများ၊ နိုင်ငံခြားသားခရီးသွားလာသူများအား ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်းရှိ ရေမြေတောတောင်သဘာဝရှုခင်းများ၊ ဒေသခံပြည်သူများနှင့် ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့် ဒေသန္တရ ဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ အောင်ပန်း-ကလော (အသွား-အပြန်) ခရီးစဉ်နှင့် ကလော-မြင်းဒိုက်(အသွား-အပြန်) ခရီးစဉ်များကို ခရီးသည် ၁၅ ဦး လိုက်ပါစီးနင်းနိုင်သည့် RGC ရထားစင်းလုံးငှားခရီးစဉ် ပြေးဆွဲပေးမည်ဖြစ်ပြီး ခရီးစဉ်တစ်ခုအတွက် (အသွား-အပြန်) ကျပ် ၁၂၀,၀၀၀ ဖြင့် မည်သူမဆို့ ဇန်နဝါရီ ၂၄ ရက် (ယမန်နေ့)မှစတင်ပြီး ငှားရမ်းစီးနင်းနိုင်မည်ဖြစ်ကြောင်း အသိပေးထားသည်။