MT News
၂၅. ၁. ၂၀၂၅
PDF များ ပြည်သူ့ရင်ခွင် ပြန်လည်ဝင်ရောက်မှု များပြားလာစေရေးနှင့် စစ်မှူထမ်းတိုးမြှင့်ခေါ်ဆောင်ရေးအတွက် နိုင်ငံရေးပါတီများက အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ ဒုတိယနေ့တွေ့ဆုံဆွေးနွေးပွဲအတွင်း အကြံပြုတင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ ဇန်နဝါရီ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင်ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးနှင့် အလုပ်အဖွဲ့ကိုယ်စား လှယ်များ တက်ရောက်ကြပြီး နိုင်ငံရေးပါတီကိုယ်စားလှယ်များက ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံ တော်တည်ငြိမ်အေးချမ်းသာယာမှုရရှိရန် လုပ်ဆောင်သင့်သော အစီအမံများအား အကြံပြုဆွေးနွေးခြင်းကိစ္စရပ်များ၊ ပြည်သူများ၏ လိုအပ်ချက်များကို ဥပဒေကြောင်းအရ ဖြည့်ဆည်းပေးနိုင်ရေးကိစ္စရပ်များ၊ လက်ရှိနိုင်ငံရေးအခင်းအကျင်းနှင့် အစိုးရနှင့်ပြည်သူ လက်တွဲ၍ ကျော်လွှားနိုင်ရေးကိစ္စရပ်များ၊ နိုင်ငံရေးဝါဒမှိုင်းများကြောင့် ဖြစ်ပေါ်လာသော PDF များကို နိုင်ငံတော်ရင်ခွင်သို့ ပြန်လည်ဝင်ရောက်မှု များပြားလာစေရေး အကြံပြုတင်ပြခြင်း ကိစ္စရပ်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အရေအတွက်တိုးမြှင့်ခေါ်ယူရေးအကြံပြုချက်များအား ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများက မိမိတို့၏ သဘောထားများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲနှစ်ရက်တာအတွင်း နိုင်ငံရေးနည်းလမ်းမှတစ်ဆင့် နိုင်ငံနှင့်ပြည်သူအတွက် အကျိုးဖြစ်ထွန်းစေရေး ဆောင်ရွက်မှုအခြေအနေများနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးဆိုင်ရာ အချက် ၄၃ ချက်ကို ဆွေးနွေးခဲ့သည်ဟုလည်း သိရသည်။
“နိုင်ငံတစ်နိုင်ငံမှာ အမြင့်ဆုံးဥပဒေက ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပါတယ်။ ဒီဥပဒေရဲ့ သဘောတရားကလည်း ကျင့်သုံးရင်းနဲ့ လိုအပ်ချက်တွေ၊ အားနည်းချက်တွေရှိရင် တဖြည်းဖြည်းပြင်ဆင်ပြီးတော့ ကောင်းသထက်ကောင်းအောင် ကြိုးစားကြရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းနှစ်ဆက်အတွင်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ကျင့်သုံးပြီးတဲ့အချိန်မှာ လိုအပ်ချက်တွေ၊ အားနည်းချက်တွေကို တွေ့ရှိလာရတာတွေရှိပါတယ်။ လက်ရှိနိုင်ငံတော်ရဲ့ အခက်အခဲတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်းကနေ ဖြေရှင်းရမယ်ဆိုရင် မဖြစ်မနေပြင်ဆင်သင့်တဲ့အချက်တွေကို ဆွေးနွေးကြပါတယ်။ ဒီအချက်တွေထဲမှာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဘက်က အဆိုပြုတဲ့အချက်တွေရှိသလို ကျွန်တော်တို့ နိုင်ငံရေးပါတီများအစုအဖွဲ့ကလည်း အဆိုပြုတဲ့အချက်တွေရှိပါတယ်။ ဒီအချက်တွေကို နှစ်ဖက်ညှိနှိုင်းပြီးတော့ ဖြစ်ပေါ်လာမယ့် လွှတ်တော်မှာ ပြင်ဆင်တဲ့အခါ ကြိုတင်ညှိနှိုင်းသဘောတူပြီးသားဖြစ်အောင် ကြိုးစားဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ အခုကျွန်တော်တို့ဆွေးနွေးပြီး သဘောထားစုစည်းချက်အားလုံး (၄၃) ချက်ရှိပါတယ်။ နောက်ပြီး တစ်ထိုင်တည်းဆုံးဖြတ်လို့မရဘဲ ဆက်လက်ဆွေးနွေးရမယ့်အချက်(၇) ချက်လည်းရှိပါတယ်။ ဒီအချက်ကိုလည်း ဆက်လက်ဆွေးနွေးနေဆဲဖြစ်ပါတယ်။ ဒီနေ့ဆွေးနွေးနေတဲ့ အချိန်မှာလည်း သဘောတူစုစည်းထားပြီးသား (၄၃)ချက်၊ ဆက်လက်ဆွေးနွေးမယ့် အချက်(၇)ချက်အပြင် နိုင်ငံရေးပါတီများအစုအဖွဲ့က ပြင်ဆင်သင့်တယ်လို့ ထပ်မံပြီး အဆိုပြုထားတဲ့ အချက်တွေလည်းရှိပါသေးတယ်။ ဒီအချက်တွေကိုလည်း ဆက်လက်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ သဘောတူညီမှုရရှိပြီးသွားရင်တော့ သဘောထားစုစည်းချက်များအဖြစ်နဲ့ နှစ်ဖက်အပြန်အလှန်လက်မှတ်ရေးထိုးဖို့ အစီအစဉ်လည်းရှိပါတယ်။ ဒါကြောင့် နိုင်ငံရေးနည်းလမ်းနဲ့ ကြိုးပမ်းနေတာဟာ ရုတ်တရက်တော့ သိသာမြင်သာမဖြစ်ပေမယ့် ကျွန်တော်တို့အားလုံး ပွင့်လင်းရင်းနှီးစွာနဲ့ အကျေအလည် ဆွေးနွေးညှိနှိုင်းနေကြပါတယ်။ ဒီဆွေးနွေးမှုတွေကတစ်ဆင့် တိုးတက်မှုတွေလည်း ရရှိထားပါတယ်။ ဒီတိုးတက်မှုတွေကို ပြည်သူတွေသိရှိစေဖို့ အသိပေးခြင်းဖြစ်ပါတယ်။ ပါတီစုံဒီမိုကရေစီမှာ နိုင်ငံရေးပါတီတွေရဲ့အခန်းကဏ္ဍက အရေးကြီးပါတယ်။ နိုင်ငံရေးပါတီတွေ အားမကောင်းဘဲနဲ့ ပါတီစုံဒီမိုကရေစီရှင်သန်ဖွံ့ဖြိုးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံရေးပါတီတွေ အားကောင်းဖို့ ပြည်သူတွေကိုယ်တိုင်ကလည်း နိုင်ငံရေးပါတီတွေအပေါ်မှာ ယုံကြည်မှုရှိပြီး ပူးပေါင်းဆောင်ရွက်မှုရှိစေလိုပါတယ်”ဟု ပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကိုကြီးက ပြောကြားသည်။