၂၄. ၁. ၂၀၂၅
Written by Thettant
မြန်မာပွဲစဥ်နှစ်ပွဲပါဝင်တဲ့ One 170 ပွဲမှာ ရှေ့ကသန့်ဇင်ရှုံးသွားတာကြောင့် စိုးလင်းဦးက အနိုင်ရဖို့အတွက် သုံးချီစလုံးပူးကပ်ထိုးသတ်ပြီး ဘယ်သူကသံမဏိလဲဆိုတာ သက်သေပြနိုင်ခဲ့ပေမဲ့ အလဲမထိုးနိုင်လို့ One ရဲ့ထုံးစံအတိုင်း ထိုင်းနိုင်ငံသားကို အနိုင်ပေးတာကြောင့် သံမဏိစိုးလင်းဦးဟာလည်း ဆက်ခ်ဆန်ကို ရှုံးခဲ့ရပြန်ပါတယ်။
မြန်မာ့ရိုးရာလက်ဝှေ့သမားတွေ မွေထိုင်းထွက်ထိုးချိန် အမျိုးသားတွေထဲ အအောင်မြင်ဆုံးနဲ့ လူကြိုက်အများဆုံးဖြစ်သလို ဒီနေ့မှာ ဒေါ်လာတစ်သိန်းတန်စာချုပ်ပွဲ ထပ်မံထိုးသတ်ရတဲ့ စိုးလင်းဦးဟာ One Friday Fights 81 ထိုးသတ်ပွဲမှာတော့ အရပ်တစ်ပေလောက်ကွာတဲ့ နာဘီလ်ကို ရှုံးနိမ့်ခဲ့တာပါ။
စိုးလင်းဦးက နာဘီလ်ကို ရှုံးတဲ့ပွဲမှာ သူ့အရင် သန့်ဇင်က တခဲရုကိုရှုံးတာကြောင့် ဝမ်းနည်းပြီး နာဘီလ်ကိုထိုးဖို့ အားမရှိတာကြောင့် ရှုံးခဲ့တာလို့လည်း ပြောထားတာကြောင့် အခု သူ့ရှေ့က သန့်ဇင်လည်းရှုံးသွားပြီမို့ စိုးလင်းဦးဟာ သူ့ပြိုင်ဘက် ဆက်ခ်ဆန်ကို အနိုင်ထိုးသတ်ဖို့ စိုးထင့်စရာအပြင် ကားမှောက်ထားလို့ သေရွာကပြန်လာစဖြစ်နေလို့ ကားမှောက်ဒဏ်ရာတွေကြောင့် စိတ်ပူစရာလည်း ဖြစ်နေခဲ့သေးတာပါ။
ဒါပေမဲ့လည်း သမ္ဘာ၊ ဝါနဲ့ ထိုးလုံးထိုးပေါက်တူတဲ့ စိုးလင်းဦးနဲ့ ဆက်ခ်ဆန်ဟာ ပထမအချီမှာတင် ဆိုင်ထိုးပြိုင်ထိုးကြပြီး ပူးကပ်ချိန်မှာ စိုးလင်းဦးရဲ့ နှိုက်လက်သီးတွေ ဆက်ခ်ဆန်မြည်းခဲ့ရသလို အပြန်အလှန် တံတောင်တွေလည်းမြည်းခဲ့ရပြီး ထိချက်မှာ စိုးလင်းဦးသာပါတယ်။
ဒုတိယအချီမှာလည်း အမာခံထိုးနေသူနှစ်ယောက်ဟာ သုံးမိနစ်လုံး အတင်းလုံးထွေးထိုးနေပြီး သံမဏိအစစ်က ဘယ်သူလဲဆိုတာ မှတ်ကျောက်တင်နေသလိုမျိုးကို ထိုးနေကြပြီး ဒိုင်က ဆက်တိုက်လူခွဲနေရလို့ ကြည့်ကောင်းသလို ဒုတိယအချီမှာလည်း စိုးလင်းဦးထိချက်သာတယ်လို့ ဆိုရမှာဖြစ်ပြီး ပွဲကအရမ်းကြည့်ကောင်းခဲ့ပါတယ်။
တတိယအချီဟာ အဆုံးအဖြတ်ဖြစ်သလို ပူးလိုက်တာနဲ့ စိုးလင်းဦးက နှိုက်လက်သီးတွေ တအားထွက်ပြီး အမြဲတမ်းခေါင်းချင်းဆိုင်နေချိန် စိုးလင်းဦးထိုးနေချိန်မှာ ဒိုင်ကဝင်ခွဲနေတာကတော့ ရုပ်ပေါက်တယ်လို့ ပြောရမှာဖြစ်ပေမဲ့ သုံးချီစလုံး အကြိတ်အနယ် ဒီပွဲမှာ ထိချက်သာတဲ့စိုးလင်းဦးက ဒိုင်အဆုံးအဖြတ်မှာတော့ ထုံးစံအတိုင်း ထိုင်းနိုင်ငံသားကို အနိုင်ပေးသွားလို့ ဆက်ခ်ဆန်နိုင်ပြီး စိုးလင်းဦးအရေးနိမ့်ခဲ့ပါတယ်။
ကားမှောက်ထားတဲ့ဒဏ်ရာကပြန်လာစ စိုးလင်းဦးဟာ အသည်းရော ဇွဲရော မာဂုဏ်ရော ဆိုင်ထိုးပြိုင်ထိုးမှာပါ သာပေမဲ့ အလဲထိုးမခံရရင် ထိုင်းအသာပေးတတ်တဲ့ One ရဲ့ လုပ်ရပ်ကြောင့် အရေးနိမ့်ခဲ့တာကြောင့် ဒီညဟာ One 81 လိုပဲ မြန်မာတွေကံမကောင်းခဲ့ဘူးလို့ ပြောရပါတော့မယ်။