၂၄.၁. ၂၀၂၅
Written by Nay Moe
မင်းလှမြို့နယ်၊ ဂန့်ဂေါ်ပင်ကျေးရွာက အမျိုးသားတစ်ဦးကို ပျူစောထီးတံဆိပ်ကပ်ပြီး PDF နှစ်ဖွဲ့ပေါင်း သတ်ဖြတ်လိုက်သည်ဟု ကျုးလွန်သည့် NUG ဩဇာခံ PDF နှစ်ဖွဲ့က ဝန်ခံချက် ထုတ်ပြန်လာသည်။
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဂန့်ဂေါ်ပင်ကျေးရွာနေ ကိုရှမ်းလေး(ခ)မိုးကြီး ဆိုသူအား ပျူစောထီးဟု စွပ်စွဲကာ ဇန်နဝါရီ ၂၂ ရက် နံနက် ၇ နာရီခန့်တွင် ၎င်း၏ နေအိမ်၌ပင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃၊ တပ်ခွဲ ၂၊ တပ်ခွဲ ၆ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့ပူးပေါင်း၍ ပစ်ခတ်သတ်ဖြတ်လိုက်ကြခြင်းလည်းဖြစ်သည်။
ပျူစောထီးဟု စွပ်စွဲသတ်ဖြတ်ခံရသူ ကိုရှမ်းလေး(ခ)မိုးကြီးသည် လုံခြုံရေးတပ်ဖွဲ့ထံ မမှန်သတင်းပေးကာ ပြည်သူများအား ဖမ်းဆီးခိုင်းခြင်း ၊ PDF တပ်ဖွဲ့များ၏ သွားလာလှုပ်ရှားမှုများအား စုံစမ်းထောက်လှမ်း၍ သတင်းပေးခြင်းများ လုပ်ဆောင်နေသောကြောင့် ယခုလို သတ်ဖြတ်လိုက်သည်ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ က အကြောင်းပြချက်ပေးသော်လည်း ထိုစွပ်စွဲချက်များ မှန်မမှန်ကိုမူ MT News က အတည်မပြုနိုင်ဘဲ PDF နှစ်ဖွဲ့က လူသတ်မှုကျုးလွန်သည့်အဖြစ်အပျက်ကိုသာ သတင်းဖော်ပြခြင်းဖြစ်သည်။
ပဲခူးတိုင်းဒေသကြီးသည် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူအများအပြား သတ်ဖြတ်ခံရသည့် တိုင်းတစ်ခုဖြစ်သလို နွေဦးတော်လှန်ရေးစတင်ချိန်မှ ၂၀၂၄ ခုနှစ် အကုန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ကျော်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှု ခံထားရသည်။