◾ ထားဝယ် အထူးစီးပွားရေးစီမံကိန်း မည်သူနှင့် ပြန်လည်စတင်ဖြစ်မည်နည်း
၂၄.၁.၂၀၂၅
Translated by Htwe Ko Tun
ရုရှားနိုင်ငံက စစ်ဒဏ်ကြောင့် ပျက်စီးမှုများဖြစ်လျက်ရှိတဲ့ မြန်မာနိုင်ငံအတွင်း သူ့ရဲ့အကျိုးစီးပွားတွေ မြှင့်တင်နိုင်ရေးဆောင်ရွက်နေရာမှာ အခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့နဲ့ ပူးပေါင်းခဲ့တယ်လို့ ပြည်တွင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး အစ်စကန်ဒါ အဇီဇော့ဗ်(Iskander Azizov) ဟာ ဇန်နဝါရီလ ၂၀ ရက်က ထားဝယ်မြို့ကို သွားရောက်ခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌဦးမြတ်ကိုနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
၂၀၂၄ ခုနှစ်၊ မတ်လအတွင်းကလည်း မြန်မာအစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာအစိုးရအနေနဲ့ တန်ချိန် ၂၀၀,၀၀၀ ကျော်တင်နိုင်တဲ့ ပင်လယ်ကူးသင်္ဘောကြီးတွေ ဆိုက်ကပ်နိုင်မယ့် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို စတင်နိုင်ဖို့ ရုရှားအစိုးရ အကူအညီရဖို့ ကြိုးပမ်းနေတယ်ဆိုတာ ရုရှားနိုင်ငံပိုင် ITAR-Tass သတင်းဌာနကို ပြောခဲ့ပါသေးတယ်။
မြန်မာအစိုးရအရာရှိတွေက ကျောက်ဖြူမှာ တရုတ်နိုင်ငံအကူအညီနဲ့တည်ဆောက်မယ့် အထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းတွေအပြင် အိန္ဒိယနိုင်ငံ အကူအညီနဲ့ ဆောင်ရွက်မယ့် ကုလားတန်မြစ် ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းတွေကို အရှိန်မြှင့်လုပ်ဆောင်ဖို့ မကြာမီက ပြုလုပ်ခဲ့တဲ့ အစည်းအဝေးတွေမှာ ပြောကြားခဲ့ကြအပြီးမှာပဲ ရုရှားသံအမတ်ကြီးကလဲ ခုလို ထားဝယ်မြို့ကို လာရောက်ခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မာကျား(Ma Jia) ကလည်း တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနဲ့ ဇန်နဝါရီလဆန်းပိုင်းကတွေ့ဆုံခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု၊ ငါးဖမ်းလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်း၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ ပညာရေးနဲ့ တခြားနယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေမြှင့်တင်နိုင်ဖို့ အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့ တရုတ်သံရုံးမှ သိရပါတယ်။
ရုရှားနိုင်ငံရဲ့ သံအမတ်ကြီးကလည်း တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ မြိတ်ခရိုင်အတွင်းမှာရှိတဲ့ ကမ္ဘာလှည့်ခရီးသွားတွေ အဓိကလည်ပတ်ရာနေရာတွေဖြစ်တဲ့ သဲသောင်နဲ့ကမ်းခြေတွေအကြောင်းအပြင် မြိတ်ကျွန်းစုအတွင်း ဟိုတယ်စီမံကိန်းတွေအတွက် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံနိုင်မှုတွေကိုပါ စုံစမ်းမေးမြန်းရင်း ဒေသအတွင်း ရုရှားအစိုးရရဲ့ ရင်းနှီးမြှုပ်နှံဖို့စိတ်ဝင်စားမှုတွေကို ထုတ်ဖော်ပြခဲ့ပါတယ်။
ထားဝယ်အထူးစီးပွားရေးဇုန်က ကပ္ပလီပင်လယ်ပြင်ကမ်းခြေမှာတည်ရှိပြီး ထိုင်းနိုင်ငံကို ကားလမ်းနဲ့ ဖြတ်ပြီး ထိုင်းပင်လယ်ကွေ့ကို ဆက်စပ်ထားပါတယ်။ ဒါကြောင့်လည်း အရှေ့တောင်အာရှဒေသနဲ့ တောင်အာရှဒေသနဲ့ ဒီထက်ကျော်လွန်ပြီးတော့လည်း ချိတ်ဆက်ပေးနိုင်ကာ အိန္ဒိယသမုဒ္ဒရာနဲ့ ပစိဖိတ်သမုဒ္ဒရာတို့ကို ဆက်စပ်ပေးနိုင်မယ့် အလားအလာတောင်ရှိပါတယ်။
ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းက ၁၉၆ စတုရန်းကီလိုမီတာကျယ်ဝန်းပြီး ကုန်စည်ပို့ဆောင်ဖို့ လိုအပ်တဲ့ကုမ္ပဏီတွေကို ကူညီပေးနိုင်ဖို့ မျှော်လင့်ရပါတယ်။ အသွားအလာထူပြောလှတဲ့ မလက်ကာ ရေလက်ကြားကို ရှောင်ကွင်းသွားနိုင်မယ့် သယ်ယူပို့ဆောင်ရေးကွန်ရက်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့လည်း မျှော်မှန်းရပြန်ပါတယ်။ စီမံကိန်းမှာ နည်းပညာမြင့် စက်မှုဇုန်တွေ၊ သတင်းအချက်အလက်နည်းပညာဇုန်တွေ၊ ပြည်ပပို့ကုန်လုပ်ငန်းတွေ၊ သယ်ယူပို့ဆောင်ရေး အချက်အခြာ
နေရာတွေ၊ စီးပွားရေးဝန်ဆောင်မှု လုပ်ငန်းတွေနဲ့ တခြားအခြေခံအဆောက်အအုံတွေ ပါဝင်ပါတယ်။
ထိုင်းနိုင်ငံအစိုးရနဲ့ မြန်မာနိုင်ငံရဲ့ အရင် နယက အစိုးရတို့အကြား ၂၀၂၈ ခုနှစ်မှာ နားလည်မှုစာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုးပြီး ဒီစီမံကိန်းကိုစခဲ့တာပါ။ စီမံကိန်းက SET စာရင်းဝင် အီတာလျံ-ထိုင်း ဖွံ့ ဖြိုးတိုးတက်မှုကုမ္ပဏီကို ထားဝယ်အထူးစီးပွားရေးဇုန်တည်ဆောက်ဖို့ ၇၅ နှစ် ခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ခဲ့ကြပါတယ်။
တခြားသဘောတူညီချက်တစ်ရပ်ကိုတော့ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လမှာ လက်မှတ်ထိုးခဲ့ကြပြီး စီမံကိန်းကို ၂၀၁၅ ခုနှစ်မှာအပြီးသတ်ဖို့ နှစ်နိုင်ငံအကြားနောက်ပိုင်းမှာ သဘောတူခဲ့ကြပါတယ်။ ဒါပေမယ့် စီမံကိန်းအကောင်အထည်ဖော်ရာမှာ နှောင့်နှေးမှုအများအပြားနဲ့ ကြုံခဲ့ရပြီး ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့် ခွဲရေးကော်မတီက ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ မြန်မာနိုင်ငံမှာ တပ်မတော်က အာဏာထိန်းသိမ်းမှု မပြုခင် တစ်လအလိုမှာပဲ အီတာလျံ-ထိုင်း ဖွံ့ ဖြိုးတိုးတက်မှုကုမ္ပဏီနဲ့ သဘောတူ ကန်ထရိုက်စာချုပ်တွေကို ပယ်ဖျက်ခဲ့ပါတယ်။
အီတာလျံ-ထိုင်း ဖွံ့ ဖြိုးတိုးတက်မှုကုမ္ပဏီက လက်ရှိကာလမှာတော့ သူ့ရဲ့ကြွေးမြီပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ကြိုးစားနေရပြီး ပိုင်ဆိုင်မှုတွေကို ရောင်းချကာ ရန်ပုံငွေရှာနေရပါတယ်။ ထိုင်း-တရုတ် လုပ်ငန်းစုကြီးတစ်ခုကတော့ ထားဝယ်မှာ အီတာလျံ-ထိုင်းက ရင်းနှီးမြှုပ်နှံထားခဲ့တာတွေကို လွှဲပြောင်းရယူဖို့ စိတ်ဝင်စားတယ်ဆိုတာ သူ့ရဲ့အမှုဆောင်တွေက မကြာခင်ကပဲပြောခဲ့ပါတယ်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှာတော့ မြန်မာအစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထားဝယ်ကို သွားရောက်စဉ်မှာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆက်လက်လုပ်ဆောင်ဖို့ ပြောခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် အစောပိုင်းတုံးကလည်း ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း က စီမံကိန်းအတွက် မြန်မာအစိုးရနဲ့ထိုင်းအစိုးရ ပူးပေါင်းဆောင်ရွက်မယ်လို့ကြေညာခဲ့ပြီး စီမံကိန်းကို အသစ်တစ်ဖန်စိတ်ဝင်စားနေမှုတွေကို ပြသခဲ့ပြန်ပါတယ်။
Ref- Bangkok Post