၂၄.၁.၂၀၂၅
Written By Thandar
ကော်ပီ သီချင်းခေတ်မှာ ကိုယ်ပိုင်သံစဉ်များကိုသာ သီဆိုသူတစ်ဦးအနေနဲ့ လူသိများပြီး နာမည်ကြီးအဆိုတော် တေးရေးဆရာတစ်ဦးဖြစ်တဲ့ ရော့ခ်ဂီတ တေးသံရှင် မာရဇ္ဇ@ ကိုသိန်းဇော်ဟာ အသက် ၅၈ နှစ်အရွယ် ဇန်နဝါရီလ ၂၃ ရက်နေ့ ည ၁၁ နာရီ ၇ မိနစ်က ဗဟိုရ်စည်ဆေးရုံမှာ ကျောက်ကပ်ရောဂါနဲ့ကွယ်လွန်ခဲ့ပါတယ်။
“တကယ်တော့ ကျောက်ကပ်ရောဂါဖြစ်နေတယ်ပြောတာကို လုံးဝ လက်မခံတာပါ။ အဲလို လက္ခဏာတွေဖြစ်နေတယ်ပြောရင်လည်း မကြိုက်ဘူး။ လုံးဝကိုငြင်းတာ။ မဟုတ်ဘူးဘဲ။ ဒါကြောင့် ရောဂါက တော်တော်လေး လွန်သွားမှ ဆေးကုသလိုဖြစ်သွားတာပါ။ ဒါကြောင့် ဆေးရုံကို မနည်းတင်ဖို့ ပြောခဲ့ရတာပါ။ ခုလို တန်ဖိုးရှိတဲ့ သူတစ်ယောက် ဆုံးရှုံးသွားလို့လည်း ဝမ်းနည်းရပါတယ်”လို့ အဆိုတော် မာရဇ္ဇနဲ့ နီးစပ်သူတစ်ဦးက MT Entertainment ကို ပြောပါတယ်။
တေးသံရှင် မာရဇ္ဇရဲ့ ဈာပနကိုတော့ မနက်ဖန် ဇန်နဝါရီ ၂၅ ရက် နေ့လယ် ၂ နာရီမှာ ရန်ကုန်မြို့ ရေဝေးသုသာန်မှာ မီးသင်္ဂြိုဟ်ပြီးတော့ အရိုးပြာကို ဂူသွင်းသွားမှာလည်းဖြစ်ပါတယ်။
အဆိုကျော် မာရဇ္ဇရဲ့ ဂီတသက်တမ်းဟာဆိုရင် နှစ် ၃၀ ကျော်မှာ ဂမ္ဘီရမိုးကြိုး၊ မိစ္ဆာအတွက်ကရုဏာ၊ မျှော်လင့်ခြင်းလမင်း၊ ပုံရိပ်မဲ့ဂရပ်ဖစ်၊ ရွှေရောင်ကောင်းကင်၊ အချစ်ငတ်သားကောင်၊ ရွှေရတီ၊ သေချာပါတယ် စတဲ့ တေးစီးရီးများထွက်ရှိခဲ့တာပါ။ ဒါ့အပြင် မျှော်လင့်ခြင်းလမင်း၊ ဆွဲအား၊ ရွှေရောင်ကောင်းကင်၊ အလွမ်းမိတ်ဆွေ စတဲ့သီချင်းတွေက လူငယ်များအကြား ယနေ့အချိန်ထိ ရေပန်းစားခဲ့တာလည်းဖြစ်ပါတယ်။
ဂီတလောကမှာ ပရိသတ်အချစ်တော်ကြီး ကွယ်လွန်ခြင်းအတွက် ဂီတလောက အသိုင်းအဝိုင်းတွေအပြင် ပရိသတ်တွေကလည်း ဝမ်းနည်းကြေကွဲနေကြတာဖြစ်ပါတယ်။