၂၄. ၁. ၂၀၂၅
Written by Thettant
ပဲခူးမြို့၊ မုက္ကလကျေးရွာစာသင်ကျောင်းမှ တာဝန်ခံကျောင်းအုပ်အဖြစ် ယာယီတာဝန်ထမ်းဆောင်နေသည့်ဆရာက အရွယ်မရောက်သေးသည့်ကျောင်းသား အနည်းဆုံး ၁၇ ဦးအား အလိုမတူဘဲ ကာမဆက်ဆံခဲ့သဖြင့် အမှုဖွင့်အရေးယူထားမှု ဇန်နဝါရီ ၂၃ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ပဲခူးမြို့နယ်၊ မုက္ကလကျေးရွာရှိ အလက(ခွဲ)မုက္ကလမှ တာဝန်ခံကျောင်းအုပ်ဆရာ ဦးသက်ဇော်အောင် (၂၉) နှစ်သည် အသက် ၁၁ နှစ်ခန့်အရွယ် (၄) တန်းကျောင်းသားငယ်တစ်ဦးအား ဇန်နဝါရီ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့ နေ့လယ် ၃ နာရီခွဲအချိန်ခန့်က ကျောင်း၌ မည်သူမှမရှိသည့်အချိန် ကျောင်းအုပ်ရုံးခန်းကော်ဇော်ပေါ်၌ နှစ်ရက်ဆက်တိုက် နှစ်ကြိမ် အလိုမတူဘဲ ကာမဆက်ဆံခဲ့သဖြင့် မိဘအုပ်ထိန်းသူများက ပဲခူးမြို့မရဲစခန်းသို့ အမှုဖွင့်လာရောက်တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဖြစ်စဉ်က တကယ်ဖြစ်သွားပါတယ်။ အသေးစိတ်ကို အမှုဖွင့်စစ်ဆေးနေပါတယ်ခင်ဗျာ”ဟု အဆိုပါဖြစ်စဥ်ကို သိရှိသူ ပဲခူးမြို့မှ ကျောင်းဆရာတစ်ဦးက MT News ၏ မေးမြန်းမှုကို အတည်ပြုသည်။
မုက္ကလ အလက(ခွဲ)၏ ကျောင်းအုပ်ဆရာဖြစ်သူမှာ နေပြည်တော်သို့ သင်တန်းတက်ရောက်ရန် သွားရောက်ချိန် တာဝန်ခံကျောင်းအုပ်က ကျောင်းသားငယ်များကို လိင်အလွဲသုံးစားလုပ် ပြုကျင့်နေခဲ့ခြင်းဖြစ်ပြီး တာဝန်ခံကျောင်းအုပ်ဆရာအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဦးသက်ဇော်အောင်သည် ကျောင်းအုပ်ရုံးခန်းနှင့် စိုင်တီကျေးရွာရှိ ၎င်း၏နေအိမ်၌ အခြား ကျောင်းသား(၁၆)ဦးထက်မနည်းကိုလည်း အလိုမတူဘဲ ကာမဆက်ဆံခဲ့သဖြင့် ပြုကျင့်မှုများကို တာဝန်ရှိသူများက ဆက်လက်ဖော်ထုတ်နေသည်ဟုလည်း သိရသည်။
“ကျောင်းအုပ်ကြီးက နေပြည်တော် သင်တန်းတက်နေတော့ သူ့ကို တာဝန်ခံကျောင်းအုပ်အဖြစ် တာဝန်လွှဲထားတာဗျ။
ဖြစ်စဉ်က ဖြစ်နေခဲ့တာ ကြာပြီလို့ သိရပါတယ်။ ၁၇ ယောက်တောင် မ,ကချင်ဘူးလို့ သိရတယ်။ ကလေးတွေကို ဘယ်နေ့ ဘယ်သူနဲ့လို့တောင် ဂျူတီဆွဲထားတယ်လို့ သိရတယ်ခင်ဗျ” ဟု အထက်ပါကျောင်းဆရာက MT News ကို ပြောပြသည်။
အထက်ပါဖြစ်စဥ်အပေါ် MT News က အမှူဖွင့်ထားသည်ဟု ကနဦးသိရသော ပဲခူးမြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းကိုင်ဆောင်ဖြေဆိုခြင်းမရှိသဖြင့် ဆက်သွယ်မေးမြန်းသိရှိရချိန်တွင် အသေးစိတ်ဖြစ်စဥ်နှင့် ဖြစ်စဥ် မှန်ကန်မှုရှိမရှိ ဆက်လက်ဖော်ပြပေးမည်ဖြစ်သည်။
“ကျောင်းဆရာတစ်ယောက်အနေနဲ့ မှတ်ချက်ပြုရရင် ဆရာ့ကျင့်ဝတ် ဆရာဂုဏ်သိက္ခာမဲ့စွာ လူမဆန်တဲ့လုပ်ရပ်လို့ မှတ်ချက်ပြုချင်ပါတယ်”ဟု ဖြစ်စဥ်ကို အတည်ပြုပေးသည့် ပဲခူးမြို့နယ်မှ ကျောင်းဆရာတစ်ဦးဖြစ်သူ ဦးဖြိုးမင်းဇော်ကလည်း MT News ကို မှတ်ချက်ပြုသည်။