၂၃.၁.၂၀၂၅
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ တပင်ရွှေထီးလမ်းနှင့်တောင်ငူလမ်းထောင့်တွင် ဇန်နဝါရီလ ၂၃ ရက် နံနက် ၅ နာရီ ၁၈ မိနစ်ခန့်က ရွှေပိတောက်ငါးစျေးမှ ပြန်လာသော ဟိုက်ဂျက်အဖြူရောင်ယာဥ်မှာ အရှိန်မထိန်းနိုင်ဘဲ ရပ်ထားသော ကွန်တိန်နာယာဥ်ကို ဝင်တိုက်ခဲ့သဖြင့် အမျိုးသမီးကြီးတစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယာဥ်တိုက်မှုကြောင့် ကားခေါင်းခန်းတွင် ညပ်နေသော အသက် ၃၇ နှစ်အရွယ် ယာဥ်မောင်းဖြစ်သူ ဦးရဲဇော်ထွေးနှင့် အသက် ၆၂ နှစ်အရွယ် ဒေါ်နွဲ့နွဲ့ဝင်းကို မီးသတ်တပ်ဖွဲ့ဝင်များက မိနစ် ၄၀ ကျော်ကြာ ကယ်ထုတ်ခဲ့ရသည်။
ကားခေါင်းခန်းတွင်းညပ်နေသော ဒေါ်နွဲ့နွဲ့ဝင်းမှာ နေရာတွင်ပင်သေဆုံးခဲ့ပြီး ယာဥ်မောင်းဖြစ်သူ ဦးရဲဇော်ထွေးမှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ ယာဥ်နောက်လိုက်ဖြစ်သူ အသက် ၁၆ နှစ်အရွယ် ကိုကောင်းမြတ်သူတွင် ဘယ်လက်မောင်းရိုးကျိုးပြီး ဦးခေါင်းနှင့် နှုတ်ခမ်းပေါက်ပြဲဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒဏ်ရာရသူနှစ်ဦးနှင့်သေဆုံးသူကို သွေးဒါနမျိုးဆက်လူမှုကူညီရေးအသင်းပိုင်လူနာတင်ယာဥ်ဖြင့် အသင်းဝင်များက လှိုင်သာယာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သွေးဒါနမျိုးဆက် လူမှုကူညီရေးအသင်းထံမှ သိရသည်။
ယာဥ်တိုက်မှုဖြစ်ပွားရာနေရာသို့ မီးငြှိမ်းသတ်ယာဥ် တစ်စီး၊ ရှာဖွေကယ်ဆယ်ရေးယာဥ်တစ်စီး၊ သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦးနှင့် သွေးဒါနမျိုးဆက်လူမှုကူညီရေးအသင်းဝင်များက သွားရောက်ကူညီခဲ့ကြောင်း သိရသည်။