၂၃.၁.၂၀၂၅.
Translated by Htwe Ko Tun
တူရကီနိုင်ငံအနောက်မြောက်ပိုင်း၊ ကာတာလ်ကာရာ နှင်းလျှောစီးအပန်းဖြေစခန်းမှာရှိတဲ့ Grand Kartal ဟိုတယ်မှာ ဇန်နဝါရီလ ၂၁ ရက် နံနက် ၃ နာရီ ၂၇ မိနစ်က လောင်ကျွမ်းခဲ့တဲ့မီးက ရှေးဦးသတင်းတွေအရ လူဆယ်ဦးသေဆုံးခဲ့တယ်လို့ ပြောကြားခဲ့ပေမယ့် ဇန်နဝါရီလ ၂၂ ရက်မှာ ထပ်မံရရှိတဲ့သတင်းတွေအရ မီးလောင်မှုမှာ သေဆုံးသူဦးရေဟာ အနည်းဆုံး ၇၆ ဦးအထိရှိခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှုကြောင့် သေဆုံးရသူတွေအနက် အနည်းဆုံးနှစ်ဦးက မီးတောက်တွေကလွတ်ဖို့ ဟိုတယ်ပြတင်းပေါက်တွေကခုန်ချစဉ် သေဆုံးခဲ့ရတာလို့ သိရပါတယ်။ မီးလောင်မှုမှာ ဒဏ်ရာရရှိသူလည်း အနည်း ဆုံး ၅၁ ဦးရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
မီးလောင်မှုက ဆောင်းရာသီနှစ်ပတ်ကြာ ကျောင်းပိတ်အားလပ်ရက်အတွင်းဖြစ်ခဲ့တာဖြစ်ပြီး ဒေသတွင်းဟိုတယ်တွေမှာဆိုရင် တည်းခိုသူတွေနဲ့ ပြည့်ကျပ်နေတာပါ။ ဆယ့်နှစ်ထပ်ရှိတဲ့ Grand Kartal ဟိုတယ်မှာလည်း မီးလောင်စဥ်အချိန်ကတည်းခိုနေသူ ဧည့်သည် ၂၃၈ ဦးအထိရှိတယ်လို့ သိရပါတယ်။
ဒဏ်ရာရသူတွေထဲက တစ်ဦးကတော့ စိုးရိမ်ဖွယ်ဒဏ်ရာပြင်းထန်ပြီး ၁၇ ဦးကိုတော့ ပြုစုကုသမှုပေးကာ ဆေးရုံမှပြန်လွှတ်ပေးလိုက်နိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ကီမယ် မီမယ်ဆော့လူက ပြောခဲ့ပါတယ်။
မီးလောင်မှုက ဟိုတယ်ရဲ့ စားသောက်ဆိုင်က စတင်ခဲ့တယ်လို့ ယူဆကြကာ အကြောင်းရင်းကို အတိအကျ စုံစမ်းနေပါတယ်။ မီးလောင်မှုမှာ ဟိုတယ်ပိုင်ရှင်အပါအဝင် လူကိုးဦးကို ဖမ်းဆီးချုပ်နှောင်ထားပြီး စစ်ဆေးမေးမြန်းနေတယ်လို့လည်း သိရပါတယ်။
Ref- AP