၂၃.၁.၂၀၂၅.
Translated by Htwe Ko Tun
ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် ဖန်မင်းချင်(Pham Minh Chinh) က ဗီယက်နမ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအတွင်းအခြေအနေတွေကို အနီးကပ်စောင့်ကြည့်လျက်ရှိပြီး ဒေသခံပြည်သူတွေအတွက်ရော၊ ဒေသတွင်းနဲ့ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးဆေးမှုအတွက်ပါ အကျိုးရှိစေမယ့် မြန်မာနိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုပြန်ရမယ့် အထောက်အကူဆောင်ရွက်မှုတစ်ရပ် မကြာခင်တွေ့ရလိမ့်မယ်လို့ မျှော်လင့်တယ်ဆိုတာ ဇန်နဝါရီလ ၂၂ ရက်က ပြောခဲ့ပါတယ်။
ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ်မြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်ကိုတက်ရောက်စဉ်မှာပဲ မြန်မာနိုင်ငံ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် ဂျူလီ ဘိရှော့နဲ့ ဖိုရမ်ပြင်ပမှာ တွေ့ဆုံခဲ့တုံး ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် ဖန်မင်းချင်က ဗီယက်နမ်အနေနဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး၊အချုပ်အခြာအာဏာပိုင်ဆိုင်မှုနဲ့ နယ်မြေပိုင်နက်တည်ရှိမှုတို့ကို လေးစားတဲ့ရပ်တည်ချက်အတိုင်း တစ်သမတ်ထဲရပ်တည်သွားမယ်လို့လည်း ထပ်မံအတည်ပြု ပြောခဲ့ပါတယ်။
ဗီယက်နမ်အနေနဲ့ မြန်မာပြည်သူတို့ရဲ့ဘဝကို ထိခိုက်စေတဲ့ စီးပွားရေးပိတ်ဆို့မှုတွေကိုလည်း ဆန့်ကျင်ပြီး မြန်မာနိုင်ငံရဲ့ အကျပ်အတည်းပြဿနာကို မြန်မာပြည်သူတို့သာ သဘောတူညီမှု၊ အပေးအယူပြု ဆောင်ရွက်မှု၊ သက်ဆိုင်တဲ့အဖွဲ့အစည်းအားလုံးပါဝင်ဆောင်ရွက်မှုနည်းလမ်းတွေနဲ့ ဖြေရှင်းသွားရမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ဗီယက်နမ်နိုင်ငံ အနေနဲ့လည်း သူ့ရဲ့ အခန်းကဏ္ဍ၊ နာမည်ကောင်းရှိမှုနဲ့ ဆက်ဆံရေးတို့နဲ့အတူ ဗီယက်နမ်နိုင်ငံက အရှေ့ တောင်အာရှနဲ့ မြန်မာနိုင်ငံတို့မှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းမှုရရေးကို အားထုတ်ကြိုးပမ်းမှုအားလုံးအတွက် အဆင်သင့်ရှိတယ်လို့ ဖန်မင်းချင်က ပြောခဲ့ပါတယ်။ ဒါ့အပြင် ချင်က မြန်မာနိုင်ငံအကျပ်အတည်းကို ပါဝင်ပတ်သက်တဲ့အဖွဲ့အစည်းအားလုံး တွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ နေရာကမ်းလှမ်းတာအပါအဝင် ရည်မှန်းချက်ဆီရောက်ဖို့ ကုလသမဂ္ဂနဲ့ပူးပေါင်းဆောင်ရွက်ရေးကိုလည်း ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
ဒါ့ပြင် သူက အာဆီယံအဖွဲ့ကြီးနဲ့ ဗီယက်နမ်နိုင်ငံတို့ဟာ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းတဲ့အဖြေတစ်ရပ်ရဖို့ ပါဝင်ပတ်သက်တဲ့အဖွဲ့အစည်းအားလုံး တွေ့ဆုံဆွေးနွေးရေးအတွက် အဖွဲ့ကြီးက အဓိကကဏ္ဍမှ ပါဝင်ဖို့လည်း မြှင့်တင်ဆောင်ရွက်နေတယ်လို့ ဆိုခဲ့ပါတယ်။
ဝန်ကြီးချုပ် ဖန်မင်းချင်ရဲ့ အဆိုပြုပြောကြားချက်တွေကို ဂျူလီ ဘိရှော့က သဘောတူညီခဲ့တဲ့အပြင် မြန်မာနိုင်ငံရှိ အဖွဲ့အစည်းပါတီတွေအားလုံး ထိန်းထိန်းသိမ်းသိမ်းကျင့်သုံးကြဖို့၊ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ အရပ်သားတွေရဲ့ လုံခြုံရေးနဲ့လုံခြုံမှုရှိစေဖို့၊ မြန်မာနိုင်ငံအရေး ငြိမ်းချမ်းသောအဖြေအတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံးပါဝင်တဲ့ ဆွေးနွေးပွဲစတင်နိုင်ဖို့ အလေးထားပြောခဲ့ပါတယ်။ ဒါ့ပြင် ဂျူလီ ဘိရှော့က အာဆီယံနဲ့ အနီးကပ်ဆောင်ရွက်ဖို့နဲ့ ငြိမ်းချမ်းရေးအတွက် အင်အားစုတွေအားလုံး တွေ့ဆုံဆွေးနွေးရေးမြှင့်တင်ဖို့လည်း ကတိပြုခဲ့ပါတယ်။
Ref- Vietnam News