MT News
၂၃. ၁. ၂၀၂၅
အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှုနှင့် နာမည်ပျက်နေသော တရုတ်ကျားဖြန့်လုပ်ငန်းများနှိမ်နင်းရေးအတွက် နိုင်ငံတော်အစိုးရအပြင် နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပါ ပူးပေါင်းဆောင်ရွက်မည်ဟု ကရင်နယ်ခြားစောင့်တပ် (BGF) က ကြေညာလာသည်။
နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) သည် ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ကာ တရားဝင်စီမံကိန်းများကို ဆောင်ရွက်အကောင်အထည်ဖော်ဆောင်ခဲ့သည်။ ထိုသို့ ဖော်ဆောင်ရာတွင် ဝင်ငွေနည်းသည့်မိသားစုလယ်ယာစိုက်ပျိုးရေးစနစ်အစား မိသားစုဝင်ငွေတိုးစေသည့် စက်ရုံ၊ အလုပ်ရုံ၊ အိမ်ရာစီမံကိန်းနှင့် အပန်းဖြေဧည့်ရိပ်သာစသည့် အများပြည်သူကို အလုပ်အကိုင် အခွင့်အရေးရရှိစေသော လုပ်ငန်းများကို ဦးစားပေးဖိတ်ခေါ်ကာ အကျိုးတူဆောင်ရွက်သည့်စနစ် မဟုတ်ဘဲ နှစ်ရှည်မြေယာငှါးရမ်းသည့်စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်ဟု BGF က ဆိုသည်။
ထိုသို့ အများအကျိုးပြုရည်ရွယ်ချက်ဖြင့်ဆောင်ရွက်လျက်ရှိသော်လည်း အချို့သော မသမာသည့် ရင်းနှီးမြှုပ်နှံသူများသည် ဒုစရိုက်မှုများကိုပါ ဆောင်ရွက်လာကြကြောင်း စိစစ်တွေ့ရှိရသဖြင့် အဆိုပါ ဒုစရိုက်မှုများအား အများပြည်သူသိရှိရှောင်ရှားနိုင်ရန် အသိပညာပေးခြင်း၊ လုပ်ငန်းရှင်များအား သတိပေးတားမြစ်ခြင်းနှင့် ကျူးလွန်သူကိုဖော်ထုတ်အရေးယူခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး သတင်းရရှိသော လူကုန်ကူးမှုများကိုလည်း သက်ဆိုင်ရာဒေသအာဏာပိုင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ သံတမန်များတို့နှင့် စဉ်ဆက်မပြတ် ဆက်သွယ်ပူးပေါင်းဖော်ထုတ်ကူညီပေးလျက်ရှိသည်ဟု ပြောသည်။
နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) အနေဖြင့် ဒေသအတွင်းလာရောက်၍ ဖွံ့ဖြိုးရေး လုပ်ကိုင်မည့်လုပ်ငန်းရှင်များကိုသာ ဖိတ်ခေါ်လက်တွဲခြင်းဖြစ်ပြီး ဒုစရိုက်မှု၊ မသမာမှု၊ လူကုန်ကူးမှုများကို လုံးဝ( လုံးဝ) လက်မခံဘဲ အတိအလင်းတားမြစ်ထားသည်ဟုလည်း ထုတ်ပြန်ချက်က ဆိုသည်။
ထိုသို့ရာဇဝတ်မှုကျူးလွန်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေးအတွက် ဒေသတွင်းမိတ်ဖက် အဖွဲ့အစည်းများ၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ နိုင်ငံတော်အစိုးရ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံတကာကိုယ်စားလှယ်များတို့နှင့်အတူ ပူးပေါင်းလက်တွဲဆောင်ရွက်သွားမည်ဟုလည်း BGF ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။