October 23, 2024

၁၃. ၁. ၂၀၂၃
Written by Nyein Kyaw

မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော နိုင်ငံတကာအဆင့်မီ ဆင်ပြတိုက်ကို ရန်ကုန်တိရစ္ဆာန် ဥယျာဥ်တွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ရန်ကုန်တိရစ္ဆာန် ဥယျာဥ်က ဇန်နဝါရီ ၁၂ ရက်တွင် ကြေညာထားသည်။

“ဆင်ပြတိုက်က ဥယျာဥ်ဖွင့်ချိန်နဲ့အတူတူပါပဲ။ ဝင်ကြေးနဲ့ဝင်ရမှာပါ Local (ပြည်တွင်း) ၅၀၀ ကျပ်နဲ့ Foreigner (နိုင်ငံခြားသား) ၁၀၀၀ ကျပ်ဖြစ်ပါတယ်” ဟု ဆင်ပြတိုက်မှ တာဝန်ရှိသူက ပြောကြားသည်။

ဆင်နှင့် ဆင်အစိတ်အပိုင်းများ တရားမဝင်ကူးသန်းရောင်းဝယ်နေမှုများကို တားဆီးနှိမ်နင်းရေးလုပ်ငန်းစဥ်များ၌ ပြည်သူလူထု သိမြင်နိုးကြားလာပြီး ပူးပေါင်းကူညီဆောင်ရွက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း တောဆင်ရိုင်းများ ပျံ့နှံ့ကျက်စားပုံ၊ အာရှဆင်များ ပျံ့နှံ့ကျက်စားရာဒေသများနှင့် အလေ့အထ၊ အမူအကျင့်များနှင့် ၎င်းတို့၏ ခေတ်အဆက်ဆက် သမိုင်းကြောင်း အသေးစိတ်များကို လေ့လာကြည့်ရှုနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ရှားပါးဆင်အစိတ်အပိုင်းများ၊ အသုံးအဆောင်ပစ္စည်းများ၊ ကျောက်ဖြစ်ရုပ်ကြွင်းများ၊ အရိုးစုရုပ်ပုံ၊ အစွယ်များ၊ ဆင်အစိတ်အပိုင်းများနှင့် ပြုလုပ်ထားသည့် မြန်မာ့ရိုးရာလက်မှုပစ္စည်းများကို အသေးစိတ်အနီးကပ် လေ့လာနိုင်မည်ဖြစ်သည်။

ဆင်များနှင့် ပတ်သက်သည့် အကြောင်းအရာများကို လေ့လာဖတ်ရှုနိုင်မည့် စာအုပ်များ ထားရှိပေးထားသည့်အပြင် Souvenir Shop မှ အရည်သွေးကောင်းမွန်သည့် အမှတ်တရ လက်ဆောင်ပစ္စည်းများကိုလည်း ဝယ်ယူနိုင်မည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *