၂၃.၁.၂၀၂၅
Written By Thandar
အနုပညာအလုပ်တွေ ပုံမှန်လုပ်ကိုင်လာလို့ ပရိသတ်ချစ်ခင်မှုကို ရရှိထားတဲ့ သရုပ်ဆောင် ဆောင်းယွန်းစံကတော့ လက်ရှိအသက်အရွယ်လေးတစ်ခုရလာပေမဲ့ အိမ်ထောင်ရေးဆိုတာ ကံမစန်းရဲတဲ့ အနေအထားမို့ အပျိုကြီးလုပ်ဖို့ စဉ်းစားထားတယ်လို့ ဆိုပါတယ်။
“အရင်တုန်းကတော့ ဆောင်းက ကိုယ့်ရည်းစားတွေကို ပိုချစ်ခဲ့တာ။ နောက်ပိုင်းကြတော့ ကိုယ့်ဆိုးခဲ့တဲ့ ကာလတစ် လျှောက်လုံးက ဒီမိသားစုက ကိုယ့်နားမှာ ရပ်တည်ပေးတယ်၊ ရှိခဲ့တာဖြစ်တဲ့အတွက် ဆောင်းက မိဘတွေကို ပြန်ကြည့်နိုင်ချိန်မှာ အရာရာ မိဘအတွက်ပဲ ပေးဆပ်ထားတာပါ။ ဆောင်းက အပျိုကြီးလုပ်ဖို့လည်း စဉ်းစားထားပါတယ်။ ဆောင်းက မိသားစုကို ပိုချစ်ပါတယ်။ ရည်းစားကတော့ နောက်ရောက်သွားတာပေါ့။ ဆောင်းရဲ့ တတ်တူးတွေလည်း ဖျက်လိုက်ပါပြီ။ ခန္ဓာကိုယ်ပေါ် တတ်တူးတွေလည်း မထားချင်တော့လို့ ဖျက်လိုက်တာပါ။ တကယ်တော့ ဆောင်းက ဘယ်ရည်းစားနာမည်မှလည်း တတ်တူးမထိုးပါဘူး။ ဘယ်သူ့မှ အဲလောက်ထိဆောင်းမချစ်ဘူး။ ကိုယ့်ကိုယ်ကိုယ် ဆောင်းကပိုချစ်တာပါ”လို့ သရုပ်ဆောင် ဆောင်းယွန်းစံက ပြောပါတယ်။
သူမကတော့ လက်ရှိ လင်းလက်ဆိုတဲ့ ကာရိုက်တာနဲ့ Channel K နဲ့ Mahar Application က ထုတ်လွှင့်ပြသခဲ့တဲ့ “မျက်နှာဖုံး” ဇာတ်လမ်းတွဲမှာ ဟိန်းဝေယံ၊ စိုးပြည့်သဇင်၊ Ella ရွှေစင်တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားသူလည်းဖြစ်ပါတယ်။ ဆောင်းယွန်းစံကတော့ ဘဝမှာ ရည်းစား ၃ ယောက်ထားခဲ့ဖူးတယ်လို့ ဆိုပါတယ်။
“ဆယ်ကျော်သက်အရွယ်ကတော့ အချစ်နဲ့ပတ်သက်ရင် အချစ်ရူးပေါ့။ အရူးအမူးရှိကြတာပေါ့။ ဆောင်းရဲ့ အချစ်ဦးဆိုရင် ၁၀ နှစ်လောက် တွဲခဲ့ကြတာပါ။ တွဲလိုက်တဲ့ရည်းစားတွေက တစ်ဘဝစာလုံးစဉ်းစားပြီးမှ တွဲခဲ့တာတွေပဲ။ ဘယ်သူ့ကိုမှ အပျော်တွဲခဲ့တယ်ဆိုတာမျိုးမရှိဘူး။ ကိုယ်နဲ့ရည်းစားနဲ့ ပြတ်သွားပြီဆိုရင် တကယ့်ကို မေ့ပစ်လိုက်တာပါ။ လက်ရှိခံယူထားတဲ့ အချစ်ရေးကတော့ နှစ်ဦးနှစ်ဖက်ပျော်ဖို့ပါပဲ။ ဆောင်းတို့ အသက်အရွယ်လေးတစ်ခုမှာ အိမ်ထောင်ရေးဆိုတာ ကံမစမ်းရဲတဲ့ အနေအထားပေါ့။ ဒီအချိန်ချစ်နေပေမယ့် နောင်တစ်ချိန်ချစ်မယ်လို့လည်း ပြောမရဘူးလေ။ လူတွေက စိတ်အမျိုးမျိုးပြောင်းလဲနိုင်တာပဲလေ”လို့ သူမက ဆက်ပြောပါတယ်။