၂၃.၁. ၂၀၂၅
Written by Nay Moe
AA အကြမ်းဖက်သမားတွေဆီက ပေါက်ကြားလာတဲ့ ဗီဒီယိုဖိုင်မှာ AA စစ်သားအများအပြားက အရပ်ဝတ်အမျိုးသားအချို့ကို မြေတိမ်ပိုင်းရှိ တွင်းတစ်ခုရှေ့မှောက် တပ်မတော်သား စစ်သုံပန်းနှစ်ဦးကို လည်လှီးသတ်ဖြတ်နေတာကို တွေ့ရပြီး အဆိုပါဖြစ်စဥ်အပေါ် နိုင်ငံတကာရာဇ၀တ်ခုံရုံး (ICC) အနေနဲ့ ရခိုင်ပြည်နယ်အတွင်း ရခိုင်အကြမ်းဖက်လက်နက်ကိုင် (AA) ကျူးလွန်ခဲ့တဲ့ စစ်ရာဇ၀တ်မှုတွေကို စုံစမ်းစစ်ဆေးသင့်တယ်လို့ အရှေ့တောင်အာရှအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rights က ထုတ်ပြန်ပြောကြားလာပါတယ်။
“အရပ်သားတွေ ဒါမှမဟုတ် ဖမ်းဆီးထားတဲ့ စစ်သားတွေကို ညှဉ်းပန်းနှိပ်စက်ပြီး တရားလက်လွတ် ကွပ်မျက်တာဟာ စစ်ရာဇ၀တ်မှု မြောက်ပါတယ်။ ဖမ်းဆီးရမိတဲ့ ရန်သူ စစ်သားတွေကို စစ်သုံ့ပန်းတွေအဖြစ် ဂုဏ်သိက္ခာရှိစွာ ဆက်ဆံသင့်ပြီး ဂျီနီဗာကွန်ဗန်းရှင်းရဲ့ အကာအကွယ်ကို ပေးဆောင်ရမှာဖြစ်သလို အကျဉ်းသားတွေအပေါ် စစ်ရာဇ၀တ်မှုကျူးလွန်ထားတဲ့ AA တာဝန်ရှိသူတွေကို တရားစွဲဆိုသင့်ပါတယ်လို့” Fortify Rights က လူ့အခွင့်အရေးဆိုင်ရာစုံစမ်းစစ်ဆေးရေးတာဝန်ခံ Ejaz Min Khant က AA ရဲ့ စစ်ရာဇဝတ်မှုနဲ့ စပ်လျဥ်းပြီး ICC ကို တိုက်တွန်းခဲ့ပါတယ်။
Fortify Rights ဟာ AA က လည်လှီးသတ်ဖြတ် ကွပ်မျက်နေတဲ့ ပေါက်ကြားလာတဲ့ ဗီဒီယိုမှတ်တမ်းနှစ်ခုကို ခွဲခြမ်းစိတ်ဖြာပြီး ဒီနှစ်ခုဟာ AA က စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ အစစ်အမှန်ရုပ်သံဖြစ်တယ်လို့ ယုံကြည်ထားပါတယ်။ AA ရဲ့ လည်လှီးသတ်ဖြတ်ခံရသူ နှစ်ဦးဟာ ဗီဒီယို အဆုံးမှာ သေဆုံးသွားပုံမတွေ့ရပေမဲ့ သူတို့ရဲ့ ဒဏ်ရာနဲ့ လည်လှီးခံရမှုကြောင့် အဆိုပါ အဖြစ်အပျက်ကနေ အသက်ရှင် လွတ်မြောက် နိုင်ဖွယ် မရှိဘူးလို့ သုံးသပ်ထားပါတယ်။
ဒါပေမဲ့ Fortify Rights အနေနဲ့ AA က တပ်မတော်သားစစ်သုံပန်းတွေကို လည်လှီးသတ်တဲ့ အခင်းဖြစ်ပွားရာ နေရာအတိအကျကို အတည်မပြုနိုင်ဘူးလို့လည်း ပြောထားပြီး နှစ်မိနစ်နဲ့ ၅၂ စက္ကန့်ကြာတဲ့ ပထမဗီဒီယိုက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ လူမှုကွန်ရပ်ပေါ်ထွက်ပေါ်လာခဲ့ပြီး မတူညီတဲ့ကင်မရာတစ်ခုက ရိုက်ကူးထားတဲ့ အလားတူဖြစ်ရပ်ရဲ့ လည်လှီးသတ်မှု ဒုတိယဗီဒီယိုက သုံးမိနစ်နဲ့ စက္ကန့် ၂၀ ကြာမြင့်ပြီး Fortify Rights ထံ အခု ဇန်နဝါရီ ၁၉ ရက်က ပေးပို့လာခဲ့တာလို့ သိရပါတယ်။
ပိုမို ရှည်လျားတဲ့ဗီဒီယိုဖိုင်မှာ အမျိုးသားရှစ်ဦးအနက်စစ်ဝတ်စုံအပြည့်ဝတ်ထားသူတစ်ဦးနဲ့ တစ်ဝက်တစ်ပြတ်ဝတ်ထားသူ သုံးဦးက မြေပြင်ပေါ်က သုံ့ပန်းနှစ်ဦးအပေါ် မတ်တပ်ရပ်ကြည့်နေတာ တွေ့ရပါတယ်။ မတ်တပ်ရပ်နေတဲ့ အမျိုးသားအများအပြားဟာ အရပ်သားဝတ်စုံတွေ ဝတ်ဆင်ထားပြီး ဓားရှည်တွေ အပါအဝင် စစ်လက်နက်တွေ ကိုင်ဆောင်ထားပါတယ်။ ပြစ်မှုကျူးလွန်သူထဲက အနည်းဆုံးတစ်ဦးဟာ AA ယူနီဖောင်းအပြည့်အစုံဝတ်ဆင်ထားပြီး ဗီဒီယိုထဲမှာပြောဆိုသူအားလုံးဟာ ရခိုင်စကားပြောနေပါတယ်။ ကျူးလွန်သူ AA လက်နက်ကိုင်နှစ်ဦးဟာ သုံပန်းတစ်ဦးရဲ့ အဝတ်အစားတွေကို ဖြတ်တောက်ဖို့ ကြိုးပမ်းနေချိန်မှာ အခြားသူတွေက မြေပြင်ပေါ်လဲကျနေသလို AA လက်နက်ကိုင်တွေက ကိုယ်ပေါ်မှာ အဝတ်တစ်ပိုင်းတစ်သာရှိတော့တဲ့ စစ်သုံပန်းရဲ့ ဦးခေါင်း၊ မျက်နှာနဲ့ ကျောကုန်းကို အနည်းဆုံး အကြိမ်တစ်ဒါဇင်ခန့် ကန်ကျောက်ခဲ့တာ တွေ့ရပါတယ်။
ပိုရှည်တဲ့ဗီဒီယိုဖိုင်မှာ AA တစ်ယောက်က “တပ်မှူးလာနေပြီလား”မေးနေသလို တစ်ယောက်က “သူလာတော့ရော ဘာဖြစ်လဲ။ ဘာမှမဖြစ်ဘူး။ တပ်မှူးက ဒီကောင်တွေကို ဒီလိုလုပ်ဖို့ ငါတို့ပေးထားတာ”လို့ ပြန်ဖြေထားပြီး စစ်သုံပန်းနှစ်ယောက်ကို လည်လှီးသတ်ဖို့ AA တပ်မှူးက အမိန့်ပေးထားတယ်ဆိုတာ ပေါ်လွင်စေခဲ့တာကို တွေ့ရပါတယ်။
စစ်ရာဇဝတ်မှုကျူးလွန်သူ AA တွေက ညှင်းပန်းနှိပ်စက်ခံရသူနှစ်ဦးရဲ့ နောက်ကျောကို ပြင်းထန်စွာ ကန်ကျောက် နေချိန် စစ်ယူနီဖောင်း အပြည့်အစုံ ဝတ်ဆင်ထားပြီး ပါးစပ်ထဲမှာ ဆေးလိပ်ခဲထားသူက ကင်မရာရှေ့က မြေကျင်းကို မျက်နှာမူ ဒူးထောက်ခိုင်းခဲ့ပါတယ်။ ဗီဒီယိုထဲမှာ တွေ့ရသူ တစ်ယောက်က “ဟေ့ လှီးတော့။ သူတို့ကို မြေကျင်းနားကိုရွေ့” လို့ အမိန့်ပေးပါတယ်။ အဲဒီနောက် ပြစ်မှုကျူးလွန်သူ နှစ်ဦးက စစ်သုံပန်းနှစ်ဦး လည်ပင်းကို လှီးဖြတ်သတ်ဖြတ်ပြီး တစ်ဦးချင်းစီကို မြေကျင်းထဲ ကန်ချလိုက်ပါတယ်။ အခြား AA လက်နက်ကိုင်တွေကလည်း ညှင်းပန်းနှိပ်စက်ခံရတဲ့ စစ်သုံပန်းနှစ်ဦးကို ဓားနဲ့ထိုးတာ၊ ခုတ်တာ၊ ကန်ကျောက်တာတွေကို ပါဝင်ကျူးလွန်ခဲ့ကြပါတယ်။ အဲဒီဗီဒီယိုတွေထဲမှာ အသတ်ခံရသူစစ်သုံပန်းနှစ်ဦး၊ ဗီဒီယိုရိုက်ကူးနေသူနှစ်ဦးအပြင် ကျူးလွန်သူ ဆယ်ဦးထက်မနည်းပါဝင်ပါတယ်။
မှတ်တမ်းဖိုင်တစ်ခုလုံးမှာ ဖမ်းဆီးထားသူ AA လက်နက်ကိုင်တွေက ဖမ်းဆီးခံထားရသူနှစ်ဦးကို ရခိုင်လူမျိုးတွေကို သတ်ဖြတ်ရတာ ဘယ်လိုခံစားရလဲလို့ မေးမြန်းပြီး ခနဲ့နေတာကို ကြားရသလို အခင်းဖြစ်ပွားတာကို ရိုက်ကူးနေသူတစ်ဦးက နှိပ်စက်နေတဲ့ AA လက်နက်ကိုင်တွေကို “သူတို့ နှစ်ယောက်လုံးကို တစ်ပြိုင်နက် မသတ်နဲ့။ တစ်ယောက်ပြီးမှ တစ်ယောက် လည်လှီးပြီး သတ်ပစ် … ဟုတ်ပြီ..ဟုတ်ပြီ အဲ့ဒီအတိုင်း ဆက်လုပ်”လို့လည်း ညွှန်ကြားခဲ့ပါတယ်။
“ပြစ်မှုကျူးလွန်သူတွေဟာ စစ်ရာဇဝတ်မှုကို ပေါ့ပေါ့ပါးပါးကျူးလွန်နေသမျှ မှတ်တမ်းတင်ရိုက်ကူးထားတာကို သူတို့ကိုယ်တိုင်ကိုက လက်ခံနေတာ တွေ့နေရပါတယ်” လို Ejaz Min Khant (ဧဂျက်ဇ်မင်းခန့်) က ဆိုပြီး “ဒါက ရက္ခိုင့်တပ်တော်ရဲ့ တပ်ဖွဲ့ဝင်များအတွင်း နက်နဲ၊ အကျည်း တန်ပြီး ပြစ်ဒဏ်ပေးခံရခြင်းမှ ကင်းလွတ်နေတဲ့ အစဉ်အလာတစ်ခု ဖြစ်ပွားလာနေတာကို ပြသနေတယ်”လို့ ဆက်ပြောပါတယ်။
လုံချည်ဝတ်အမျိုးသားတစ်ဦးက “မအေလိုးတွေ မတ်တပ်မရပ်တတ်ဘူးလား၊ မတ်တပ်မရပ်တတ်ဘူးလား။ မတ်တပ်ရပ်စမ်း အဘိုးကြီး” လို့ ပြောနေတာကိုလည်း ဗီဒီယိုအစမှာ ကြားရပါတယ်။ အဖြစ်အပျက်ကို မှတ်တမ်းတင်နေသူကလည်း “မင်းတို့ရဲ့အသံက ငါတို့ ရခိုင်တွေကို သတ်တုန်းက ဒီလိုအသံ မဟုတ်ဘူး”လို့ ပြောတာကို ကြားလိုက်ရပါတယ်။ ဗီဒီယိုနောက်ပိုင်းမှာ တစ်ယောက်ယောက်က “ဟိုက ကင်မရာကိုကြည့်စမ်း၊ ထိုင်စမ်း၊ ထိုင်နေ၊ တွင်းထဲဆင်း၊ ဒီမှာထိုင်စမ်း၊ သူတို့တွေကို သတ်ချင်တဲ့ ဘယ်သူမဆို သတ်” လို့ ပြောနေပါသေးတယ်။
ဗွီဒီယိုထဲ အပြန်အလှန်စကားပြောဆိုမှုအရ အသတ်ခံရသူနှစ်ဦးဟာ မြန်မာ့တပ်မတော် တပ်ဖွဲ့ဝင် စစ်သားတွေ ဖြစ်နိုင်ခြေရှိပေမဲ့ Fortify Rights က သူတို့ မည်သူမည်ဝါဖြစ်ကြောင်း သို့မဟုတ် သူတို့ဆက်နွယ်မှုများကိုတော့ အတိအကျဖော်ထုတ်နိုင်ခြင်း မရှိပါဘူး။
AA ဟာ စစ်ရာဇဝတ်မှုများစွာအတွက် တရားမျှတမှုရှိစေဖို့ ဆောင်ရွက်မယ်လို့ လူသိရှင်ကြား ကတိပြုထားသလို ဥပမာအားဖြင့် ၂ဝ၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက “စစ်ရာဇဝတ်မှုကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးအတွက် ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားပါမည်“ လို့ ပြောခဲ့ပါတယ်။ မကြာသေးမီ ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်ကလည်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက AA ဟာ“ဖမ်းမိထားသော မြန်မာစစ်ကောင်စီ စစ်တပ်မှအရာရှိများက ကျူးလွန်နိုင်ချေရှိသော စစ်ရာဇဝတ်မှုများအား စနစ်တကျ စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးသွားမည်” လို့ ပြောခဲ့ပြီး AA အနေနဲ့ တရားဥပဒေဆိုင်ရာအခွင့်အရေးတွေနဲ့ သင့်လျော်တဲ့ ပြစ်ဒဏ်များပေးပြီး အရေးယူ ဆောင်ရွက်မယ်လို့ ကတိပြုထားကြောင်း သိရပါတယ်။
၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကစ အသေအပျောက်များတဲ့ အာဏာထိန်းသိမ်းမှု စတင်ပြီးနောက် AA လို တော်လှန်ရေး တပ်ဖွဲ့များဟာလည်း ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုများစွာကို ကျူးလွန်ခဲ့ပါတယ်။ ဥပမာအားဖြင့် ၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့မှာ AA ဟာ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပိုင်းခြားထားတဲ့ နတ်မြစ်ကို ဖြတ်ကူးဖို့ ကြိုးပမ်းချိန် ဘင်္ဂါလီ အရပ်သားများစွာကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပါတယ်။ Fortify Rights စုံစမ်းစစ်ဆေးမှု အရ AA ရဲ့ ဒရုန်းများ၊ အမြောက်များနဲ့ သေနတ်ပစ်ခတ်မှုကြောင့် ဘင်္ဂါလီ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ် တစ်ရာကျော် သေဆုံးခဲ့ကြောင်း သိရပြီး AA က အဆိုပါ သတ်ဖြတ်မှုအတွက် တာဝန်ယူဖို့ လူသိရှင်ကြား ငြင်းဆိုထားတယ်လို့လည်း Fortify Rights ရဲ့AA အဖွဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တာကို ICC က အရေးယူပေးရေးထုတ်ပြန်တောင်းဆိုမှုမှာ ဖော်ပြထားပါတယ်။
Ref, Fortify Rights