၂၃.၁.၂၀၂၅.
Translated by Htwe Ko Tun
ယူကရိန်းစစ်ပွဲရပ်ဆိုင်းဖို့ သဘောတူညီချက် မရယူခဲ့ရင် ရုရှားနိုင်ငံကို စည်းကြပ်ခွန်တွေ၊ ကုန်သွယ်မှု အတားအဆီးတွေနဲ့ ပိတ်ဆို့မှုအသစ်တွေပြုလုပ်မယ်လို့ အမေရိကန်သမ္မတ ထရန့်ရဲ့ ဇန်နဝါရီလ ၂၂ ရက်မှာ ခြိမ်းခြောက်ပြောကြားခဲ့မှုက အောင်မြင်နိုင်ဖွယ်မရှိဘဲ ရုရှားအစိုးရရဲ့ အလေးထားမှု ခံရဖွယ် မရှိလို့ သတင်းတွေက ဆိုကြပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ ရုရှားမှတင်သွင်းတဲ့ကုန်ပစ္စည်းတွေ အကုန်လုံးနီးပါးကို တားမြစ်ပိတ်ပင်မှုတွေ လုပ်ခဲ့ပါပြီ။ ယူကရိန်းစစ်ပွဲစလို့ သုံးနှစ်နီးပါး အတွင်းမှာပဲ ရုရှားအနေနဲ့ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေရဲ့ ပိတ်ဆို့မှုတွေ အများအပြားကို ရင်ဆိုင်နေရပြီးလည်း ဖြစ်ပါတယ်။
ဇန်နဝါရီလ ၂၂ ရက်မှာ ထရန့်က သူ့ရဲ့ Truth လူမှုကွန်ရက်စာမျက်နှာမှာ ရုရှားသမ္မတ ပူတင်ကို အဓိပ္ပါယ်မရှိဘဲ ရယ်စရာကောင်းတဲ့စစ်ပွဲကို အခုပဲဖြေရှင်းပြီး ရပ်ဆိုင်းပါတော့လို့ ရေးခဲ့ပါတယ်။ သူက ဒုတိယကမ္ဘာစစ်မှာ နာဇီဂျာမနီကို အနိုင်ယူပြီး မဟာမိတ်တို့အတွက် အဓိကအောင်ပွဲရယူပေးခဲ့တဲ့ ရုရှားနိုင်ငံကို ထိခိုက်စေလိုတဲ့ဆန္ဒ သူ့မှာလုံးဝမရှိပါဘူး။ဒါပေမယ့် စစ်ပွဲကိုမကြာခင် မရပ်ရင်တော့ ပြစ်ဒဏ်တွေလာ လိမ့်မယ်လို့ သတိပေးပြောခဲ့တာပါ။
တကယ်လို့ စစ်ပွဲကို မကြာခင်ရပ်ဆိုင်းဖို့ သဘောတူညီချက် မရယူနိုင်ရင်တော့ အမေရိကန်နဲ့ တခြား ပါဝင်ပတ်သက်တဲ့နိုင်ငံတွေကို ရောင်းနေတဲ့ ရုရှားရဲ့ပို့ကုန်တွေကို စည်းကြပ်ခွန်တွေ၊ ကုန်သွယ်မှု အတားအဆီးတွေနဲ့ ပိတ်ဆို့မှုအသစ်တွေပြုလုပ်ဖို့ကလွဲလို့ တခြားရွေးစရာရှိမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
ထရန့် က အရင် ဂျိုးဘိုင်ဒန်အစိုးရက ယူကရိန်းကို သူ့ကိုယ်သူကာကွယ်ဖို့ဆိုပြီး လက်နက်ခဲယမ်းနဲ့ တခြားပစ္စည်း ဒေါ်လာ ဘီလျံနဲ့ချီပြီးတန်ဖိုးရှိအောင်ထောက်ပံ့ခဲ့တာကို အယုံအကြည်ကင်းမဲ့သူပါ။ သူက စစ်ပွဲကိုရပ်ဆိုင်းလိုတဲ့ သူ့ရဲ့ဆန္ဒကို မကြာခဏဆိုသလို ပြောလေ့ရှိပြီး ရွေးကောက်ပွဲမဲဆွယ်ကာ လကဆိုရင် သူသမ္မတတာဝန်ယူပြီး ၂၄ နာရီအတွင်း ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းအောင်ပြုလုပ်နိုင်တယ်လို့တောင် ပြောခဲ့တာပါ။ ဒါပေမယ့်လက်တွေ့တော့ ဒီလိုဖြစ်မလာပါဘူး။
ဒီမှာ ရုရှားနိုင်ငံက အခုအခါ အမေရိကန်ကို ဓာတ်မြေဩဇာ၊ တိရစ္ဆာန်အစာ၊၊ သံဖြူနဲ့ စက်ပစ္စည်းလို ပို့ ကုန်တွေအနည်းအကျဉ်းသာတင်ပို့နေတာပါ။ ဒါကြောင့်လည်း အမေရိကန်က ကုန်သွယ်မှုအတားအဆီးတွေလုပ်ရင်တောင် ရုရှားအတွက် အနည်းအကျဉ်းသာ ထိခိုက်ပါလိမ့်မယ်။ အရင်က အမေရိကန်ကို ရေနံ အကြီးမားဆုံးတင်ပို့သူဖြစ်ခဲ့ပေမယ့် ဒါက ၂၀၂၃ ခုနှစ်မှာ လုံးဝရပ်ဆိုင်းခဲ့ပါပြီ။
အမေရိကန်ပြည်ထောင်စုက ရုရှားဆီက အထက်ပါသွင်းကုန်တွေကို ၂၀၂၄ ခုနှစ်မှာ ဒေါ်လာ ၂ ဒသမ ၈ ဘီလျံဖိုးဝယ်ခဲ့ပါတယ်။ ဒါကလည်းပြောရရင် အမေရိကန်ရဲ့ သွင်းကုန်စုစုပေါင်းထဲက အလွန်သေးငယ်တဲ့ ပမာဏပါ။ အမေရိကန်အစိုးရစာရင်းဇယားတွေအရဆိုရင် ၂၀၂၂ ခုနှစ်မှာ ရုရှားဆီက သွင်းကုန် ၁၄ ဒသမ ၄ ဘီလျံဖိုးရှိခဲ့ရာက ၂၀၂၃ ခုနှစ်မှာ ဒေါ်လာ ၄ ဒသမ ၅ ဘီလျံဖိုးသာရှိတော့ပြီး ဆက်တိုက်လည်း ကျဆင်းလာတာပါ။
ဒါကြောင့်လည်း အမေရိကန်ထံ ပို့ကုန်များစွာလျော့နည်းနေပြီဖြစ်တဲ့ ဒီအချိန်မှာ ရုရှားအနေနဲ့ ပိတ်ဆို့မှုတွေ ထပ်မံပြုလုပ်လာရင်တောင် အလေးထားဖွယ်ရှိတော့မှာမဟုတ်ဘူးလို့သုံးသပ်ကြတာပါ။
ရုရှားအနေနဲ့ကတော့ ကမ္ဘာပေါ်မှာ ပိတ်ဆို့မှုဒဏ်တွေကို အကြီးမားဆုံးခံရတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ခဲ့ရပါတယ်။အများစုက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ သူ့ရဲ့ ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာနဲ့ ဆက်စပ်နေပြီး သမ္မတ ဂျိုးဘိုင်ဒန်အစိုးရလက်ထက်မှာ ပြဌာန်းခဲ့တာတွေပါ။ တချို့ ဒီ့အရင်ကျတာတွေလည်း ပါဝင်ပါတယ်။
ဒါ့ပြင် ယူကရိန်းစစ်ပွဲမှာ ရုရှားကို ကူညီတယ်လို့ စွပ်စွဲခံရတဲ့ အီရန်နဲ့ မြောက်ကိုရီးယားတို့ကတောင် ရုရှားထက် အမေရိကန်ရဲ့ပိတ်ဆို့မှုကို ပိုလို့ခံနေရသေးတယ်လို့ ဆိုပါတယ်။
REF- AP