◾️ လူထုဆက်ဆံရေးလုပ်ငန်းတစ်ခုဖြစ်သည့် ရုပ်သံထုတ်လွှင့်မှုအား အားနည်းချက်၊ အားသာချက်များ ဖော်ထုတ်ပြီး တိုးတက်လာအောင် ဆောင်ရွက်ရန်ပါ ညွှန်ကြား
၂၂. ၁. ၂၀၂၅
Written by Nyein Kyaw
ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်လာသည့် စစ်နည်း ဗျူဟာ၊ စစ်လက်နက်၊ စစ်အတတ်ပညာများကို တိုးချဲ့သင်ကြားပေးပြီး ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ပိုင်နိုင်စွာထမ်းဆောင်နိုင်ရေး စနစ်တကျ လေ့ကျင့်မွေးထုတ်ပေးနိုင်ရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် တောင်ညိုတပ်နယ်ရှိ နယ်မြေခံလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ် (တောင်ညို)သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြောကြားသည်။
သင်တန်းသားများကို သင်ကြားလေ့ကျင့်ပေးရာ၌ စာပေပိုင်းဆိုင်ရာများကို အမှန်တကယ် သိရှိနားလည်မှုရှိအောင် သင်ကြားပေးရမည်ဖြစ်သကဲ့သို့ လက်တွေ့လေ့ကျင့်မှုများကိုလည်း ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်ရေး လေ့ကျင့်ပေးရမည်ဖြစ်ကြောင်း၊ ကြံ့ခိုင်ရေးလေ့ကျင့်မှုများ ဆောင်ရွက်ရာတွင် အသက်အရွယ်အဆင့်အလိုက် သတ်မှတ်ထားသည့် စံချိန်စံနှုန်းများအတိုင်း ပြည့်မီအောင် လေ့ကျင့်ပေးရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ခေတ်နှင့်အညီပြောင်းလဲတိုးတက်လာသည့် စစ်နည်း ဗျူဟာများ၊ စစ်လက်နက်ပစ္စည်းများ၊ စစ်အတတ်ပညာများကို စဉ်ဆက်မပြတ် သုတေသနပြုလေ့လာ၍ သင်ခန်းစာများ တိုးချဲ့သင်ကြားပို့ချပေးသွားရန်လိုကြောင်း၊ အရည်အချင်းပြည့်ဝပြီး လက်တွေ့နယ်ပယ်တွင် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ပိုင်နိုင်စွာထမ်းဆောင်နိုင်ရေး သင်တန်းသားများကို စနစ်တကျ လေ့ကျင့်မွေးထုတ်ပေးနိုင်ရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထို့ပြင် ရုပ်သံထုတ်လွှင့်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြားပြည်တွင်း၊ ပြည်ပ သတင်းဌာနများမှ ထုတ်လွှင့်နေမှုများကို ကြည့်ရှုလေ့လာ၍ မိမိတို့ရုပ်သံထုတ်လွှင့်မှုများ၏ အားနည်းချက်၊ အားသာချက်များကို သင်ခန်းစာဖော်ထုတ်ပြီး မိမိတို့ရုပ်သံထုတ်လွှင့်မှုများ တိုးတက်စေရေး ဆောင် ရွက်ရန်လိုကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် Professional ဖြစ်ရန်နှင့် မိမိတို့၏ရည်မှန်းချက်တာဝန်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ရုပ်မြင်သံကြားထုတ်လွှင့်ခြင်းလုပ်ငန်းများသည် လူထုဆက်ဆံရေးလုပ်ငန်းတစ်ခုပင်ဖြစ်ကြောင်း၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏ ရည်ရွယ်ချက်မှာ “ပြန်ကြားပေးရန်၊ ဖျော်ဖြေပေးရန်၊ ပညာပေးရန်နှင့် စည်းရုံးရန်” ဖြစ်ကြောင်း၊ နည်းမှန်လမ်းမှန်ပြန်ကြားပေးခြင်း၊ ဖျော်ဖြေပေးခြင်းနှင့် ပညာပေးခြင်းတို့ကို ဆောင်ရွက်မှုသည် စည်းရုံးရေးကို ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ ထိုကြောင့် အကျိုးရှိအောင်ဆောင်ရွက်ရန်နှင့် အကျိုးပြုသည့် လုပ်ငန်းတစ်ရပ်ဖြစ်အောင် ဆောင်ရွက်ရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။