၂၂.၁.၂၀၂၅
Written By Thandar
ရွှေစန္ဒာမင်း ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တဲ့ “ခြေဆယ့်တစ်လှမ်း” Premiere Show ပွဲကို ယနေ့ ဇန်နဝါရီ ၂၂ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတရုပ်ရှင်ရုံမှာ ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် ပွဲပျက်သွားခဲ့သလို ပြသခွင့်လည်း ဆိုင်းငံ့ခံခဲ့ရပါတယ်။
“ကျွန်မတို့လည်း ဒီနေ့ Premiere show လုပ်ဖို့ အားခဲထားခဲ့တာပါ။ ညနေ ၃ နာရီလောက်မှ ပြသခွင့်မရတော့ဘူးလို့ သိရတာပါ။ ၂၄ ရက်တော့ ရုံတင်ဖို့လည်းမဖြစ်တော့ဘူးပေါ့နော်။ ရင်ထဲမှာ ပြောမပြတတ်တော့ပါဘူး။ တော်တော်လေးကို အားခဲထားတာပါ။ ဖိတ်ကြားထားသူတွေကိုလည်း အရမ်းကို အားနာရပါတယ်။ ဒီကနေတစ်ဆင့် ဖိတ်ကြားထားသူတွေအားလုံးကို တောင်းပန်တယ်ဆိုတာကလွဲပြီး တခြား ပြောစရာမရှိတော့ပါဘူး။ အားလုံးကိုတောင်းပန်ပါတယ်နော လာမယ့် ၂၄ ရက် ပြသခွင့်ပါ ဆိုင်းငံ့ခံရတာပါ” လို့ အဆိုပါ ဇာတ်ကားထဲက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒီဇာတ်ကားကြီးကို ဇာတ်ညွှန်း မယ်ခိုင်၊ ဝတ္ထုဇာတ်လမ်းနဲ့ ဒါရိုက်တာ သိုးဆောင်း၊ DOP ကိုနိုင်ဇော်ထွန်းတို့က ၂၀၁၉ ခုနှစ် ဇွန်လပိုင်းက ကလောဘက်မှာ ရှုခင်းအလှအပတွေနဲ့
ရိုက်ကူးပုံဖော်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ အလင်းရောင် ၊ ကျော်သူ ၊ ခင်ဝင့်ဝါ ၊ မေပန်းချီ နဲ့စတဲ့သူတွေက သရုပ်ဆောင်ထားကြပါတယ်။
“ခြေဆယ့်တစ်လှမ်း” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဇန်နဝါရီ ၂၄ ရက်မှာ မြန်မာတစ်ပြည်လုံးရှိ ရုပ်ရှင်ရုံတွေမှာ ပြသဖို့ ဆင်ဆာကျပြီးသားဖြစ်ပေမယ့် ရုံတင်ပြသခွင့်ကို ဆိုင်းငံ့ခံခဲ့ရတာလည်း ဖြစ်ပါတယ်။