၂၂. ၁.၂၀၂၅
Written by Phyo Wei
ပြည်ပနိုင်ငံအချို့က မြန်မာနိုင်ငံအတွင်း လက်နက် ကိုင်တိုက်ခိုက်မှုတွေကို အားပေးအားမြောက်ပြုလုပ်ပြီး သူတို့အလိုကျ ချုပ်ကိုင်နိုင်မယ့် ဒီမိုကရေစီအာဏာရှင်စနစ်ကို ဆောင်ရွက်နေတယ်လို့ SAC ဥက္ကဋ္ဌ ပြောကြားလာတဲ့ ဒီတစ်ပတ်မှာ အာဆီယံဥက္ကဋ္ဌဖြစ်လာပြီး မြန်မာ့အရေးအပေါ် သဘောထားတင်းမာတဲ့ မလေးရှားက အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်သစ်ကို ခန့်အပ်လိုက်သလို မြန်မာနိုင်ငံဆီ မကြာမီစေလွှတ်သွားမယ်လို့ ထုတ်ပြောလာတဲ့ဖြစ်စဥ် တွေ့မြင်ခဲ့ရပါတယ်။
အခြားတစ်ဖက်မှာလည်း အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် ယာယီနေရပ်စွန့်ခွာနေကြရတဲ့ ပြည်သူတွေအတွက် လိုအပ်တဲ့ ထောက်ပံ့မှုတွေ စီစဉ်ဆောင်ရွက်ပေးမယ်လို့ တရားဝင်ထုတ်ပြန်လာတာ၊ လက်ငင်းနိုင်ငံရေးအကျပ်အတည်းက လွန်မြောက်နိုင်ရေးအတွက် ပြည်တွင်းနိုင်ငံရေးဘောင် ချဲ့ထွင်ရေးလုပ်ငန်းစဥ် တိုးမြှင့်ဆောင်ရွက်မယ်လို့ 7 EAO Alliance ဆွေးနွေးလာတာ၊ လက်နက်မှောင်ခိုကုန်သွယ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ခေါင်း ဆောင်တစ်ဦးအပါအဝင် ချင်းလက်နက်ကိုင်ငါးဦးကို လက်နက်တွေနဲ့အတူ မီဇိုရမ်မှာ အိန္ဒိယရဲတပ်ဖွဲ့ ဖမ်းဆီးလိုက်တာ၊ AA နဲ့ NUG ဩဇာခံ ချင်းညီနောင် သိမ်းထားတဲ့ မင်းတပ်မြို့က ချင်းကောင်စီအဖွဲ့ဝင် CNF ဒုဥက္ကဋ္ဌနေအိမ် ဖောက်ထွင်းလုယက်ခံရတာ စတဲ့ဖြစ်စဥ်တွေအပြင် တပ်မတော်(လေ) လေယာဉ်မောင်းသင်တန်း အမှတ်စဉ်(၈၆) ကျောင်းဆင်းတောင်ပံအပ်နှင်းပွဲအခမ်းအနားကို မိတ္ထီလာမြို့မှာ ကျင်းပခဲ့တာတွေနဲ့ ကန်ပက်လက်ကိုသိမ်းတဲ့ ရခိုင် AA နဲ့ ချင်းညီနောင်ရဲ့ အဓမ္မစစ်သားစုဆောင်း ဖိနှိပ်မှုတွေကို ရရာလက်နက်စွဲကိုင်တိုက်ထုတ်မှုနဲ့ တုံ့ပြန်မယ်လို့ ကန်ပက်လက်က ချင်းလူထု ကြေညာလာတဲ့ဖြစ်စဥ်တွေရှိပေမဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကိုတော့ ၂၀၂၅ ရွေးကောက်ပွဲအပြီး စတင်မယ့် ရွေးကောက်ပွဲတွေဟာ သိက္ခာရှိရှိနဲ့ စတင်နိုင်အောင် လုပ်ဆောင်ရမယ်ဆိုတဲ့အကြောင်း၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ကျားဖြန့်တိုက်ဖျက်မယ်လို့ ဘန်ကောက်ဒစ်ဂျစ်တယ်ကြေညာစာတမ်း ထုတ်ပြန်တဲ့အကြောင်းနဲ့ MNDAA နဲ့ နိုင်ငံရေးညှိနှိုင်းပွဲစတင်ပြီး အပစ်အခတ်ရပ်တယ်ဆိုတဲ့အကြောင်းတွေကို သုံးသပ်ချင်ပါတယ်။
◾ သိက္ခာရှိလွှတ်တော်
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေမှာ အဆင့်နဲ့အညီ လွှတ်တော်အစည်းအဝေးလုပ်ဆောင်နိုင်စွမ်း ရှိရမှာဖြစ်ပြီး သိက္ခာရှိတဲ့လွှတ်တော်ဖြစ်အောင် ဆောင်ရွက်ရမယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရအဖွဲအစည်းအဝေးမှာ ပြောကြားလာတာကို တွေ့ရပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ရာမှာ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့လည်း ပြောပါသေးတယ်။
မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲသမိုင်းတွေမှာ အပိုင်းလိုက်လုပ်ခဲ့ရတာတွေ မလုပ်နိုင်သေးတဲ့နေရာတွေကို ကြားဖြတ်ရွေးကောက်ပွဲလုပ်ပေးရတာတွေ မြင်ခဲ့သလို
၂၀၁၀ ရွေးကောက်ပွဲမှာ ၃၂၅ မြို့နယ်၊ ၂၀၁၅ ရွေးကောက်ပွဲမှာ ၃၂၃ မြို့နယ်နဲ့ ပယ်ဖျက်ခံ ၂၀၂၀ ရွေးကောက်ပွဲမှာ ၃၁၅ မြို့နယ်တို့ကို ရွေးကောက်ပွဲကျင်းပခဲ့တာ တွေ့ရပါတယ်။ ရွေးကောက်ပွဲအခြေအနေတွေအရ ရွေးကောက်ပွဲကျင်းပနိုင်တဲ့မြို့နယ် တစ်ကြိမ်ထက်တစ်ကြိမ် လျော့နည်းကျဆင်းလာတာ တွေ့ရပေမဲ့ ဒီ ၂၀၂၅ ရွေးကောက်ပွဲကတော့ အရင်ကာလတွေတုန်းက ဘယ်ရွေးကောက်ပွဲနဲ့မှ မတူဘဲ နိုင်ငံတကာဖိအား၊ LPDF၊ PDF နဲ့ EAOs လက်နက်ကိုင်အဖွဲ့ ၅၀၀ ကျော်၊ ၆၀၀ ကြားထဲက လုပ်ဆောင်ရမှာဖြစ်သလို မြို့နယ် ၉၀ လောက်ကလည်း လက်နက်ကိုင်တွေ အသိမ်းခံထားရပြီး အုပ်ချုပ်မှု၊ နယ်မြေစိုးမိုးမှု ပျက်ပြားနေပြန်ပါသေးတယ်။
ဒါပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ မြို့နယ်ဘယ်နှစ်ခုလုပ်နိုင်မှ အထွေထွေရွေးကောက်ပွဲအောင်မြင်ပြီး အမတ်အရေအတွက် ဘယ်လောက်တက်မှ နိုင်ငံတော်အဆင့်နဲ့ တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေ အထမြောက်မယ်လို့ ပြောမထားတာကို တွေ့ရပါတယ်။ အရင်ကျင်းပခဲ့တဲ့ ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲတွေဟာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၃၀၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၆၈ နယ်၊ တိုင်းဒေသကြီးလွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၆၆၀ နယ်နဲ့တိုင်းဒေသကြီးလွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၂၉ ခုပတ်လည်တွေမှာ ကျင်းပခဲ့တာ တွေ့ရပါတယ်။ ဒီတော့ လက်ရှိအချိန်မှာ လွှတ်တော်အားလုံး သိက္ခာရှိရှိ စတင်ဖို့ဆိုရင် ရွေးကောက်ပွဲမသမာမှုမရှိဖို့နဲ့ လွတ်လပ်မျှတဖို့အပြင် အနည်းဆုံး မြို့နယ် ၂၅၀ နဲ့ ၃၀၀ ကြား ရွေးကောက်ပွဲလုပ်နိုင်ဖို့ လိုအပ်မှာဖြစ်ပြီး ဒီလိုလုပ်နိုင်မှပဲ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေဟာ သိက္ခာရှိရှိ စနိုင်မယ့် သဘောမှာရှိပါတယ်။ လက်နက်ကိုင်တွေ နယ်မြေထိမ်းထားတဲ့ မြို့နယ် ၉၀ ခန့်ဟာ ၄၈ မြို့နယ်နီးပါးဖြစ်လို့ မြို့နယ် ၃၀၀ လောက် ရွေးကောက်ပွဲလုပ်မယ်ဆိုရင် မြို့နယ် ၂၀ လောက် နယ်မြေရှင်းရမယ့်သဘောရှိပြီး အပိုင်းလိုက်လုပ်ရဖို့ ရှိနေတဲ့ ၂၀၂၅ ရွေးကောက်ပွဲဟာ ၂၀၂၆ ထဲ အကူးခံမလား အကူးမခံဘူးလားဆိုတာကတော့ မကြာခင်ရက်ပိုင်းမှာ အဖြေပေါ်ပါ့မယ်။
◾ ဘန်ကောက်ဒစ်ဂျစ်တယ်ကြေညာစာတမ်း
SAC အစိုးရအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နဲ့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးဟာ ဇန်နဝါရီ ၁၆ ရက်နဲ့ ၁၇ ရက်မှာ ကျင်းပခဲ့တဲ့ (၅) ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဝန်ကြီးများ အစည်းအဝေးနဲ့ ဆွေးနွေးဖက်နိုင်ငံများနှင့် ဆက်စပ်အစည်းအဝေးကို တက်ရောက်ခဲ့သလို အာဆီယံဝန်ကြီးတွေက ကျားဖြန့်တိုက်ဖျက်ဖို့ ဘန်ကောက်ဒစ်ဂျစ်တယ်ကြေညာစာတမ်းနဲ့ အာဆီယံသဘောတူညီချက်လည်း ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။
ဒီလိုမျိုး မြန်မာအစိုးရနဲ့ အာဆီယံက ကြေညာစာတမ်းထုတ်ပြန်ပြီးမှ NUG နဲ့ EAOs တွေကလည်း သူတို့လည်း ကျားဖြန့်တိုက်ဖျက်ပါရစေလို့ ထုတ်ပြန်တောင်းဆိုလာတာလည်း မြင်ရပြန်ပါတယ်။
အာဆီယံဝန်ကြီးများ အစည်းအဝေး တက်ရောက်ဖို့ အဆင့်မရှိတဲ့ NUG နဲ့ အွန်လိုင်းလိမ်လည်မှုကျားဖြန့်လုပ်ငန်းတစ်ခုဖြစ်တဲ့ မြဝတီက KK Park မှာ ရှယ်ယာပါတယ်ဆိုတဲ့ KNU/KNLA တို့ ဦးဆောင်မှုနဲ့ ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုတွေရဲ့ ထုတ်ပြန်လာတဲ့ ကျားဖြန့်တိုက်ဖျက်ချင်မှုဟာ အိမ်နီးချင်းငါးနိုင်ငံဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ လာအို၊ ဘင်္ဂလားဒေ့ရှ် စတဲ့ အိမ်နီးချင်းငါးနိုင်ငံနဲ့ သတင်းအချက်အလက်နဲ့ဆက်သွယ်ရေးလမ်းကြောင်းတွေ ထိရောက်တဲ့လမ်းကြောင်းတစ်ခု အကောင်အထည်ဖော်သွားချင်တယ်လို့ အရေးတကြီးတောင်းဆိုကြောင်းလည်း ဖော်ပြထားပါတယ်။ ဒါပေမဲ့ KNU/KNLA နဲ့ NUG တို့ရဲ့ ကျားဖြန့်တိုက်ဖျက်လိုကြောင်း ဖက်ဒရယ်ဒီမိုကရေစီအင်အားစုအမည်တပ် တောင်းဆိုမှုမှာ MNDAA ၊ TNLA နဲ့ AA တို့လို မြောက်ပိုင်းလက်နက်ကိုင်တွေ မပါသလို NUG စပ်ပေါင်းအင်အားစု K3C က နုတ်ထွက်သွားတဲ့ KIA လည်း မပါဝင်ဘဲ KNPP ၊ CNF ၊ ABSDF ၊ MNSP (AD)၊ WLB တို့ ခြောက်ဖွဲ့သာ ပါဝင်တာလည်း တွေ့ရပြန်ပါတယ်။
ရှမ်းမြောက်မှာ ကျားဖြန့်တိုက်ဖျက်ပြီးနောက်ပိုင်းမှာ ထွက်ပြေးတဲ့ ကျားဖြန့်တွေဟာ ကရင်လက်နက်ကိုင်တွေနဲ့ NUG ၊ PDF တွေကို လက်ခံထားရာ ထိုင်းဘက်က မဲဆောက်ဘက်ခြမ်းနားက မြဝတီကို ရောက်လာသလို ကရင်လက်နက်ကိုင်တွေဘက်ကလည်း ကျားဖြန့်ကိစ္စမှာ အကျိုးစီးပွားရှာ ညီညွတ်ကြတဲ့ပုံစံမြင်ရပါတယ်။ ဒါကြောင့် ထိုင်းနယ်စပ် ကျားဖြန့်နှိမ်နင်းရေးဟာ ဝေဝေဝါးဝါးအသွင်ဖြစ်သွားပေမဲ့ အခုတော့ တရုတ်သရုပ်ဆောင် ဝမ်ရှင်းအပါအဝင် တရုတ်မော်ဒယ်တွေ၊ အမျိုးသမီးငယ်တွေ မြဝတီက Apollo Park နဲ့ လူကုန်ကူး ကျားဖြန့်ဂိုဏ်းတွေဆီ ရောင်းစားခံရအပြီးမှာ No More Bets လို မြန်မာနိုင်ငံက တစ်ကျော့ပြန် သိက္ခာကျစရာလည်းဖြစ်လာပြန်တဲ့အပြင် တရုတ်ကလည်း အာဆီယံကို ဖိအားပေးပြီး ကျားဖြန့်ပူးပေါင်းတိုက်ဖျက်ဖို့ ကြိုးပမ်းလာသလို ထိုင်းကလည်း စစ်ဆေးအရေးယူမှု တင်းကျပ်လာတာ မြင်ရပြန်ပါတယ်။
ဒါပေမဲ့ အရင်းစစ်ရင် အမြစ်မြေဆိုသလိုပဲ မြန်မာနိုင်ငံနယ်နိမိတ်အတွင်းမှာရှိနေတဲ့ ကျားဖြန့်ဂိုဏ်းတွေရဲ့ လူကုန်ကူးဝင်ပေါက်က ထိုင်းနိုင်ငံဖြစ်ပြီး ဒီနယ်စပ် ကျားဖြန့်မြို့တွေဖြစ်တဲ့ ရွှေကုက္ကိုလ်၊ KK Park တို့လည်ပတ်ဖို့ လျှပ်စစ်တွေ၊ အင်တာနက်တွေဟာ ထိုင်းနိုင်ငံကရတာဖြစ်သလို အခု အင်တာနက်ဖြတ်၊ လျှပ်စစ်ဖြတ်အပြီးမှာလည်း လိုအပ်တဲ့လျှပ်စစ်တွေ၊ အင်တာနက်တွေအတွက် အခြေခံအဆောက်အအုံ အစိတ်အပိုင်းတွေကို ထိုင်းဘက်ကပဲ ရပြန်ပါသေးတယ်။ ဒါ့အပြင် KNU/KNLA နဲ့ KTLA က ထိပ်ပိုင်းခေါင်းဆောင်တွေဟာ ထိုင်းနိုင်ငံမှာ အခြေချ ထိုင်းနိုင်ငံသားတွေ ခံယူထားကြတဲ့သူတွေရှိနေသလို ဒီလိုလူတွေရဲ့ အကျိုးစီးပွားတွေကလည်း ရွှေကုက္ကိုလ်၊ KK Park တို့လို ကျားဖြန့်ဂိုဏ်းတွေအခြေစိုက်ရာမှာ ပါဝင်နေပြီး ဒီကျားဖြန့်ဂိုဏ်းတွေကို လာရောက်လည်ပတ်နေတာကလည်း တရုတ်နိုင်ငံက ရာဇဝတ်သားတွေ လူဆိုးဂိုဏ်းတွေဆိုတဲ့ အခြေအနေပါ။ သေချာတာကတော့ ဒီကျားဖြန့်တွေဟာ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ ကရင်လက်နက်ကိုင်တွေရဲ့ အကျိုးစီးပွားအတွက် မြန်မာ့မြေကိုအသုံးချ လည်ပတ်နေတာဖြစ်ပြီး မြန်မာနိုင်ငံကို နာမည်ဆိုးထွက်စေဖို့ ဖြစ်လာတာပါ။ ဒီအရေးဟာ ရှမ်းမြောက်မှာလို လွယ်လွယ်ကူကူရှင်းလင်းဖို့ မလွယ်တဲ့အခြေအနေမို့လို့ အာဆီယံအဖို့လည်း ဘန်ကောက်ဒစ်ဂျစ်တယ်ကြေညာစာတမ်းအရ ကျားဖြန့်တိုက်ဖျက်ဖို့ဘယ်လိုလုပ်မလဲဆိုတာနဲ့ အဓိကပါဝင်ပတ်သက်နေတဲ့ တရုတ်ရာဇဝတ်သား၊ ထိုင်းဘက်က အခြေခံအဆောက်အအုံပံ့ပိုးပေးသူတွေနဲ့ ထိုင်းနိုင်ငံသားဖြစ်နေတဲ့ ကရင်လက်နက်ကိုင်တွေရဲ့ အကျိုးစီးပွားကြားမှာ မြန်မာ့အချုပ်အခြာအဏာမထိပါးအောင် မြန်မာနိုင်ငံက အချောင်နာမည်ထပ်မပျက်အောင် တာဝန်ရှိသူတွေ ဘယ်လိုစွမ်းဆောင်မလဲဆိုတာကတော့ စောင့်ကြည့်ရဦးပါမယ်လို့ပဲ ပြောရမှာပါ။
◾ နိုင်ငံရေးညှိနှိုင်းပွဲ
မြို့အများအပြား လုယက်သိမ်းယူထားပြီးမှ အပေါ်စီးကနေ လက်နက်ဆက်ကိုင်ထားရင်း နိုင်ငံရေးညှိနှိုင်းမယ်လို့ ထုတ်ပြန်လာတဲ့ MNDAA ၊ TNLA နဲ့ AA တို့ သုံးဖွဲ့ထဲမှာ MNDAA ကတော့ ဒီရက်ပိုင်းမှာပဲ တရုတ်ညှိနှိုင်းပေးမှုအရ နစကနဲ့ အပစ်အခတ်ရပ်စဲလိုက်ပြီလို့ ပြည်တွင်းပြည်ပ သတင်းတွေမှာ ဖော်ပြလာတာမြင်ရပါတယ်။ ဒီဖြစ်စဥ်အပေါ် အားတက်သရောထုတ်ပြန်တာက တရုတ်နိုင်ငံအပြင် ကြားထဲက “UWSA” ကလည်း တရုတ်ညွှန်ကြားချက်အရ MNDAA ကြား ရပ်ဆိုင်းထားရတဲ့ ကုန်သွယ်ရေးတွေ ပြန်ဖွင့်ပြီလို့ကြေညာတာ မြင်ရပေမဲ့ သက်ဆိုင်ရာ SAC နဲ့ MNDAA ကတော့ အသေးစိတ်မထုတ်ပြန်ဘဲ လူထုကြားမှာ ဒီ ညှိနှိုင်းမှုအရ MNDAA က လားရှိုးကနေ ဇွန်လမှာ ပြန်ဆုတ်မယ်ဆိုတာပဲ သိရတဲ့ အခြေအနေပါပဲ။
အသေးစိတ် သတင်းမထုတ်ပြန်မှုဟာ သို့လောသို့လောဆိုတဲ့ အခြေအနေကို ဖြစ်လာသလို MNDAA မိတ်ဖက်နဲ့ တခြားလက်နက်ကိုင်ဘက်ခြမ်းမှာ လားရှိုးကနေ ဘာလို့ပြန်ဆုတ်ရမှာလဲ၊ PDF က ဆက်သိမ်းမယ်လို့ လေသံပစ်တာ မြင်ရသလို၊ တရုတ်ညှိနှိုင်းမှုအရ အပစ်ရပ်မယ်လို့ လိမ်လည်ကြေညာချက် နှစ်ခါထုတ်ပြီးမှ လားရှိုးကို ရက်ရက်စက်စက်သတ်ဖြတ်သိမ်းပိုက်သွားတဲ့ MNDAA ကို မယုံကြည်တဲ့ တပ်ထောက်ခံသူတွေဘက်မှာလည်း ဆုတ်ဖို့အရေးက ဘာလို့ခြောက်လအချိန်ယူတာလဲဆိုတဲ့ သံသယမေးခွန်းတွေ ထွက်ပေါ်လာစေခဲ့ပါတယ်။ အခြားတစ်ဖက်မှာလည်း လားရှိုးကို ပြန်ယူ၊ ကျန်တဲ့နယ်မြေ MNDAA အုပ်ချုပ်ဆိုတဲ့ အသွင်ဖြစ်လို့ တခြားလက်နက်ကိုင်တိုင်းရင်း သားတွေကပါ မြို့တွေ ရသလောက်သိမ်း၊ ပြီးမှ တစ်မြို့နှစ်မြို့ လက်လွှတ်ပေးပြီး ကျန်တဲ့နယ်မြေမှာ စစ်ဘုရင်လုပ်ကြမယ်ဆိုတဲ့ ပုံစံပေါက်သွားတဲ့အပေါ် ဘယ်လိုလုပ်ကြမလဲ တွေးပူကြပြန်ပါတယ်။ နောက် ဆုံးသော အဆုံးစွန်မှာ လက်နက်ကိုင်တွေအားလုံးဟာ ၂၀၂၅ ရွေးကောက်ပွဲကို ၁၀၂၇ တတိယလှိုင်းနဲ့ အပြင်းအထန်ဖျက်ဆီးကြဖို့ တိုင်မင်ချိန်ထားတဲ့ပုံစံဖြစ်လို့ ဒီတိုင်မင်ဟာ SAC က ခြောက်လသက်တမ်းထပ်တိုးရင် ဖြစ်စေ၊ နောက်ဆုံးသော အားစမ်းမှုဖြစ်စေ၊ မန္တလေးနဲ့ ဧရာဝတီမြို့တချို့ သိမ်းချင်လို့ဖြစ်စေ လာကိုလာမယ့် လှိုင်းလို့ ယူဆထားလို့ MNDAA ဟာ ဒီအခြေအနေအပေါ် ခြောက်လပိုင်းအထိ အချိန်ဆွဲသလားလည်း ငြိမ်းချမ်းစွာနေချင်တဲ့၊ ရွေးကောက်ပွဲဖြစ်မြောက်ချင်တဲ့ ပြည်သူက တွေးပူနေကြရပြန်ပါတယ်။ သေချာတာကတော့ ဝိဝါဒမကွဲပြားတဲ့ နိုင်ငံရေးညှိနှိုင်းပွဲဟာ ပြည်သူ့ကြားမှာ ထိတ်လန့်သည်းဖိုဖြစ်စေသလို လားရှိုးပြန်ပေးလိုက်ရတဲ့နောက်မှာ နိုင်ငံရေးအသိအမှတ်ပြုမှု ရသွားပြီလားဆိုတဲ့အတွေးကလည်း လက်နက်ကိုင်တွေအဖို့ မြို့ဆက်သိမ်းမယ်ဆိုတဲ့တွန်းအားရသွားသလိုဖြစ်စေတာမို့ ဒီလိုအခြေအနေရဲ့ ပကတိအခြေအနေကို လူထုသိရှိဖို့လိုအပ်သလို ရွေးကောက်ပွဲမပျက်ရေးနဲ့ ၁၀၂၇ တတိယလှိုင်းကို တားဆီးရေးလည်း လူထုက ဝိုင်းဝန်းတိုက်တွန်းပေးသင့်ချိန်တန်ပြီလို့ ယူဆမိကြောင်းသုံးသပ်ရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။