၂၂. ၁. ၂၀၂၅
Translated by Thettant
ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံကနေ တတိယနိုင်ငံတွေဆီ လှေနဲ့ထွက်ခွာသွားရောက်တတ်တဲ့ လှေစီးဒုက္ခသည်ဘင်္ဂါလီ ၄၈ ဦး ထိုင်းနိုင်ငံ၊ ဖူးခတ်ကျွန်းမြို့ကို ရောက်လာတာကြောင့် ထိုင်းအာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှု ပြုလုပ်နေရတယ်လို့ သိရပါတယ်။
ဖူးခတ်မြို့ သာချတ်ချိုင်းရဲစခန်းက ရဲအရာရှိတွေဟာ ဇန်နဝါရီ ၂၁ ရက် ညပိုင်းက ၁၀ မိနစ်ခန့်စီ လူစုခွဲပြီး သီးခြားစီလမ်းလျှောက်နေတဲ့ လူအုပ်စုတွေကို စုံစမ်း စစ်ဆေးခဲ့ရာမှာ ဘင်္ဂါလီအုပ်စုဟာ စုစုပေါင်း ၄၈ ဦးပါဝင်ပြီး အမျိုးသား ၁၉ ဦးနဲ့ အမျိုးသမီး ၂၉ ဦး ဖြစ်တယ်လို့ သိရပါတယ်။
လှေစီးဒုက္ခသည်ဘင်္ဂါလီတွေဟာ မောပန်းနွမ်းနယ်နေသလို ထိုင်းစကားလည်း မပြောနိုင်ကြလို့ တာဝန်ရှိသူတွေက လာရောက်စစ်ဆေးမေးမြန်းပြီး အစားအသောက်နဲ့ ရေ တိုက်ကျွေး ပေးအပ်ခဲ့ရတယ်လို့ သိရပါတယ်။
လှေစီးဘင်္ဂါလီတွေဟာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတို့က လှေနဲ့ ရောက်ရှိလာကြတဲ့ ဘင်္ဂါလီ ရွှေ့ပြောင်းနေထိုင်သူတွေဖြစ်ပြီး သူတို့ဟာ အုပ်စုနှစ်စုခွဲလို့ တစ်စုက ဖန်ငပြည်နယ်စီ ဆင်းသက်ပြီး တစ်စုက ဖူးခတ်ကို ဦးတည်လာရာမှာ ဖူးခတ်အာဏာပိုင်တွေနဲ့ တွေ့ရှိ ထိန်းသိမ်းခံရတာဖြစ်ပြီး ဖန်ငကို ဦးတည်သွားတဲ့ ဘင်္ဂါလီတွေကိုတော့ ထိန်းသိမ်းနိုင်မှုမရှိသေးတာကြောင့် လက်ရှိမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ အခြားသက်ဆိုင်ရာ အာဏာပိုင်တွေ ဆက်သွယ်ပြီး အခြေအနေကို ကိုင်တွယ်ဖြေရှင်းနေဆဲဖြစ်တယ်လို့ Khaosod သတင်းမှာ ကနဦးဖော်ပြမှုအရ သိရပါတယ်။