၂၂.၁.၂၀၂၅
Written by KL
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ (၅)ရပ်ကွက်၊ ဦးဆုတ်ရပ်၊ နောင်ခေ့လမ်းရှိ နေအိမ်တွင် ဇန်နဝါရီလ ၂၁ ရက်နေ့၊ နံနက် ၃ နာရီ ၅၀ မိနစ်က ဖုန်းအားသွင်းရာမှ နေအိမ်တစ်လုံးမီးလောင်ခဲ့ပြီး အိမ်ပိုင်ရှင် အမျိုးသားတစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း ကျိုင်းတုံမြို့နယ်မီးသတ်စခန်းထံမှ သိရသည်။
“အိမ်ရှင်ဦးလေးက သဘောကောင်းတယ်။ အောင်နိုင်စတိုးဆိုင်အိမ်မီးလောင်ခံရတာ၊ အိမ်ရှင်ဦးလေးလည်း မီးထဲပါသွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
မီးလောင်မှုမှာ မိနစ် ၄၀ ခန့်ကြာမြင့်ခဲ့ပြီး မီးလောင်မှုကြောင့် အလျား ပေ ၄၀၊ အနံ ပေ ၆၀ ရှိ သွပ်မိုးအုပ်ညှပ်၊ ပျဥ်ခင်း(၁)ထပ်နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ရှင် ဦးအောင်နိုင်မှာ မီးလောင်သေဆုံးခဲ့သည်။
နေအိမ်မီးလောင်မှုကို အုပ်ချုပ်မှုယာဉ် ၁ စီး၊ မီးငြှိမ်းသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၂ စီး သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ မိနစ် ၃၀ တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုနှင့်ပတ်သက်၍ သေဆုံးခဲ့သော အိမ်ရှင် ဦးအောင်နိုင်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅/ ၃၀၄-ကဖြင့် ကျိုင်းတုံမြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။
မီးလောင်သေဆုံးခဲ့သော ဦးအောင်နိုင်၏ရုပ်အလောင်းကို ကျိုင်းတုံပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ တိုင်းနေနာရေးကူညီမှုအသင်းမှ အသင်းဝင်များက ကူညီပို့ဆောင်ပေးခဲ့ကြောင်း တိုင်းနေနာရေးကူညီမှုအသင်းထံမှသိရသည်။