၂၂.၁. ၂၀၂၅
Written by Nay Moe
TNLA နယ်မြေလုယက်သိမ်းယူပြီး သူ့လက်နက်ကိုင်တွေ အခြေစိုက်ထားတဲ့ နောင်ချိုဌာနဆိုင်ရာရုံးတွေကို မနေ့ကနဲ့ ဒီနေ့ နှစ်ရက်ဆက် ဗုံးကြဲခံရသလို ဒီနေ့မနက်လည်း နောင်ချိုရဲစခန်း ထပ်မံ ဗုံးကြဲခံရမှုမှာ TNLA လက်နက်ကိုင်တွေ သေဆုံးသူများပြားခဲ့တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။
အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရတဲ့ တအာင်းလက်နက်ကိုင် TNLA နယ်မြေလုယက်သိမ်းယူထားတဲ့ ရှမ်းပြည်နယ်၊ နောင်ချိုမြို့က TNLA လက်နက်ကိုင်တွေ အခြေပြု ရုံးစိုက်ထားတဲ့ စည်ပင်ရုံးနဲ့ ထွေအုပ်ရုံးကို ဇန်နဝါရီ ၂၁ ရက် နေ့လယ် ၂ နာရီအချိန်မှာ ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့လို့ တစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိတဲ့အပြင် နေအိမ်တစ်လုံးနဲ့ စည်ပင်ရုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆောက်အအုံတွေလည်း မီးလောင်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ ဇန်နဝါရီ ၂၂ ရက် မနက် ၁၁ နာရီ ဝန်းကျင်မှာလည်း TNLA လက်နက်ကိုင်တွေ အခြေစိုက်စခန်းချပြီး အုပ်ချုပ်ရေးလည်ပတ်နေတဲ့ နောင်ချိုရဲစခန်းကို ဂျက်ဖိုက်တာနဲ့ ဗုံးနှစ်လုံး အကြဲခံရလို့ TNLA လက်နက်ကိုင်တွေ အများအပြားသေဆုံးခဲ့တယ်လို့ ကနဦးသိရပေမဲ့ TNLA ဘက်ကတော့ လူထိခိုက်သေဆုံးမှုရှိတယ်ဆိုတဲ့ သတင်းတိုလေးပဲ ထုတ်ပြန်ခဲ့ပြီး ပုံတွေ၊ အသေးစိတ်အချက်အလက်တွေ ဖုံးဖိဖော်ပြခဲ့တာ တွေ့ရပါတယ်။
“ဗုံးက ရဲစခန်းရော ဘေးနားက ပါရမီ လက်ဖက်ရည်ဆိုင်ရောထိတာ။ လောလောဆယ် အလောင်းကတင် ၈ လောင်းရှိတယ်။ ဒဏ်ရာရသူတွေလည်းများတယ်။ အသေးစိတ်မသိရသေးဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
TNLA၊ MNDAA နဲ့ AA တို့ဟာ ၁၀၂၇ စစ်ဆင်ရေးအမည်တပ်ပြီး မြို့သိမ်းပွဲတွေဆင်နွှဲမှုကြောင့် လူထောင်ချီသေဆုံးခဲ့သလို နေအိမ်ရာချီ မီးလောင်ပျက်စီးတာ၊ နေအိမ်ထောင်ချီ ဖောက်ထွင်းလုယက်ကြတာကြောင့် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂ ရက်မှာ သူတို့သုံးဖွဲ့စလုံးကို အကြမ်းဖက်သတ်မှတ်ပြီး တိုက်ခိုက်မှုစတင်တော့မှာဖြစ်လို့ ဒီလိုအကြမ်းဖက်အဖွဲ့တွေအနီး မနေဖို့ ပြည်သူလူထုကို သတိပေးပြီးချိန်ကစ အဆက်မပြတ်လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ နိုင်ငံရေးညှိနှိုင်းမှု လုပ်ဆောင်မှုမရှိတဲ့ AA နဲ့ TNLA သိမ်းယူထားရာမြို့တွေကို လေကြောင်းတိုက်ခိုက်မှုပြုနေတာလည်း ဖြစ်ပါတယ်။
ပုံစာ။ TNLA နယ်မြေလုထားရာ နောင်ချိုရဲစခန်း ယနေ့နံနက် ဗုံးကြဲခံရမှုမြင်ကွင်းနှင့် ယမန်နေ့က ထွေအုပ်၊ စည်ပင်ရုံးတို့ ဗုံးကြဲခံရမှုမြင်ကွင်း (Photo / CJ)