MT News
၂၂. ၁. ၂၀၂၅
အကြမ်းဖက်အဖွဲ့အစည်းများကို အားပေးအားမြှောက်ပြုပြီး ပြည်သူထိတ်လန့်စေသည့်သတင်းများ၊ တည်ငြိမ်အေးချမ်းမှုပျက်ပြားစေမည့်သတင်းများကို ရေးသားဖော်ပြသည့် သတင်းမီဒီယာများကို တည်ဆဲဥပဒေနှင့်အညီအရေးယူဆောင်ရွက်မည်ဟု ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက သတင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ၌ကျင်းပစဥ် ထည့်သွင်းပြောကြားသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦး၊ ဒုတိယဥက္ကဋ္ဌများ၊ တွဲဖက်အတွင်းရေးမှူးများ၊ ကောင်စီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့အစည်းအဝေးသည် စတုတ္ထအကြိမ်ရွေးချယ်ခံရသည့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် ပထမဆုံးအကြိမ်တွေ့ဆုံခြင်းဖြစ်ပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို အားပြည့်အင်ပြည့်ဖြင့် ထမ်းဆောင်နိုင်ပါစေဟု ဆုတောင်းပါကြောင်း၊ ကောင်စီဝင်များသည် အသက်အရွယ်နှင့်အတွေ့အကြုံအရ ရင့်ကျက်ပြီးသူများဖြစ်သဖြင့် သတင်းမီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ယနေ့ဖြစ်ပေါ်နေသည့် ပကတိအခြေအနေမှန်များ၊ ပြည်တွင်း/ ပြည်ပနိုင်ငံရေးအခြေအနေများကို စဉ်းစားချင့်ချိန်ဆောင်ရွက်မှသာ အကျိုးရှိနိုင်မည်ဖြစ်ကြောင်း၊ ယနေ့ခေတ်တွင် သတင်းမီဒီယာသည် လွန်စွာအရေးကြီးသည်ကို တက်ရောက်လာကြသူများက ပိုမိုနားလည်တတ်ကျွမ်းသူများဖြစ်သဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားရန် မလိုအပ်ဟု ယူဆမိပါကြောင်းနှင့် သတင်းမီဒီယာများ၏လွှမ်းမိုးမှုသည် မိမိတို့၏ နေ့စဉ်ဘဝများကို လွန်စွာအကျိုးသက်ရောက်မှုရှိပါကြောင်း ပြောကြားသည်။
ယခုအချိန် စာပေထုတ်ဝေမှုလုပ်ငန်းများတွင် ညစ်ညမ်းစာပေများကို ထုတ်ဝေဖြန့်ချိမှုများတွေ့ရှိနေရသည့်အတွက် သက်ဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နေရကြောင်း၊ ယင်းစာအုပ်များသည် လူငယ်များ၏ စဉ်းစားတွေးခေါ်မှုနှင့် ခံစားနားလည်မှုများကို လွဲမှားစေနိုင်သည့် ဟီရိဩတ္တပ္ပမရှိသော စာအုပ်စာစောင်များဖြစ်သဖြင့် ထိုကဲ့သို့ အရေးယူဆောင်ရွက်ခြင်းသည် နိုင်ငံနှင့်လူမျိုးအတွက် စာပေအဆိပ်သင့်မှုကို ကာကွယ်တားဆီးခြင်းဖြစ်သည်ဟု ပြောကြားလိုကြောင်း၊ အလားတူ တေးသီချင်းဗီဒီယိုထုတ်လွှင့်မှုများတွင်လည်း ညစ်ညမ်းမှုများပါဝင်နေသဖြင့် လိုအပ်သလို အရေးယူထိန်းကျောင်းဆောင်ရွက်နေပါကြောင်းလည်း ဦးမောင်မောင်အုန်းက ပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် မိမိ၏လုပ်ငန်းတာဝန်များကို ဥပဒေနှင့်အညီ လွတ်လပ်စွာလုပ်ဆောင်နိုင်ကြောင်း၊ အထူးသဖြင့် ယနေ့ဖြစ်ပေါ်နေသော အကြမ်းဖက်သမားများ၏ လုပ်ဆောင်မှုများအပေါ် ဝိုင်းဝန်းဆန့်ကျင်ပေးရန်နှင့် ပြည်သူများ မှန်ကန်စွာရပ်တည်ဆောင်ရွက်နိုင်ရေး မီဒီယာနည်းလမ်းများဖြင့် ကူညီဆောင်ရွက်ပေးရန်လိုကြောင်း၊ မဟုတ်မမှန်သတင်းများအပေါ်အခြေခံ၍ နိုင်ငံတော်အစိုးရနှင့် တပ်မတော်အပေါ်ထိခိုက်စေနိုင်သည့် ရေးသားဖော်ပြမှုများကို ရှောင်ကြဉ်ကာ ဆင်ခြင်တုံ တရားဖြင့် အပြုသဘောရေးသားဖော်ပြပေးကြရန် တိုက်တွန်းလိုပါကြောင်းလည်း ထည့်သွင်းပြောကြားသည်
အထက်ပါအချက်များအပြင် သတင်းမီဒီယာများအနေဖြင့် အကြမ်းဖက်သမားများကို အားပေးအားမြှောက်ဆန်သည့်သတင်းများ၊ ပြည်သူများ အထိတ်တလန့်ဖြစ်စေသည့် သတင်းများ၊ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေမည့်သတင်းများကို ရေးသားဖော်ပြခြင်းမပြုရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်မည်ကို ကျယ်ပြန့်စွာအသိပေးထားရန်လိုအပ်ကြောင်း၊ ထိုကဲ့သို့ ရေးသားဖော်ပြခြင်းမပြုရန်လည်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် ဝိုင်းဝန်းကြပ်မတ်ပူးပေါင်းဆောင်ရွက်ပေးပါရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။