၂၂.၁.၂၀၂၅
Written By Thandar
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ဦးဆောင်၍ ရုပ်ရှင်လောကသားတွေအတွက် ၁၆ ကြိမ်မြောက် ဆန်၊ ဆီ စားသောက်ကုန်တွေ ထောက်ပံ့လှူဒါန်းမှုကို ယနေ့ ဇန်နဝါရီ ၂၂ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ပြုလုပ်ခဲ့ပါတယ်။
“ကျွန်တော်တို့ အခုကတော့ ၁၆ ကြိမ်မြောက် ကိုယ့်လောကသားတွေအတွက် ဆန်၊ ဆီဝေငှခဲ့တာပါ။ ပီတိလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ လွန်ခဲ့တဲ့ ၃ နှစ်လောက်က စလုပ်တုန်းက တော်တော်စည်းရုံးခဲ့ရတယ်။ ခုတော့အစည်းအရုံးပေါ်မှာ အလှူရှင်တွေရော အနုပညာရှင် စေတနာရှင်တွေအများကြီးပေါ်လာပြီ။ ပါဝင်လှူကြလို့လည်း ရေရှည်ပါဝင်လှူဒါန်းနိုင်တာပါ။ ကိုယ့်လောကသားတွေ ရုပ်ရှင်လောကသားတွေအနေနဲ့ စားဝတ်နေရေး တော်တော်လေး အဆင်မပြေဖြစ်လာတဲ့အတွက် အခုလိုမျိုး ဆန်၊ ဆီဝေငှတာကို ခပ်စိပ်စိပ်လုပ်လာနိုင်လို့ သူတို့တွေကိုယ်စား ဝမ်းသာပီတိဖြစ်ရပါတယ်”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက MT Entertainment ကို ပြောပါတယ်။
ယနေ့ ဇန်နဝါရီ ၂၂ ရက်မှာ အုပ်ချုပ်/ဖြန့်ချိအလွှာနဲ့ ဗီဒီယို၊ အဓိကသရုပ်ဆောင်၊ ဒါရိုက်တာတို့အလွှာတွေ ကို ဆန်၊ ဆီ၊ ငါးသေတ္တာ၊ ကုလားပဲ၊ ကြက်သွန်နီတွေကို ပေးအပ်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဇန်နဝါရီ ၂၃ ရက်မှာ ဇာတ်ညွှန်း၊ ထုတ်လုပ်သူ၊ရုပ်ရှင်နောက်ခံတေးဂီတနဲ့ ပြဇာတ်၊ တည်းဖြတ်အလွှာတွေ ပေးအပ်မှာဖြစ်သလို ဇန်နဝါရီ ၂၄ ရက်မှာ စက်မှုအလွှာ၊ ဇန်နဝါရီ ၂၅ ရက်မှာ ဇာတ်ပို့/ဇာတ်ရံ အလွှာတွေကို ပေးအပ်သွားမှာလည်းဖြစ်ပါတယ်။
၁၆ ကြိမ်မြောက် ဆန်၊ ဆီ လှူဒါန်းမှုမှာတော့ Trust Double 9 သောက်ရေသန့်က ကျပ် သိန်း ၅၅၀ မ,တည်လှူဒါန်းခဲ့သလို လက်ဖက်ရည်နဲ့ မုန့်တွေလည်း လှူဒါန်းခဲ့ပါတယ်။