၂၂. ၁. ၂၀၂၅
Written by Nay Moe
KNU တိုက်ခိုက်သိမ်းယူထားပြီး စခန်းဖွင့်အခြေချထားတဲ့ ကျိုက်ဒုံမြို့ပေါ်က မီးသတ်စခန်းကို ဒီနေ့ ဇန်နဝါရီ ၂၂ နံနက် ၇ နာရီခွဲဝန်းကျင်အချိန်မှာ လေကြောင်းတိုက်ခိုက်ခဲ့လို့ အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။
ဒီဗုံးကြဲတိုက်ခိုက်မှုမှာ ကျိုက်ဒုံမြို့ အမှတ် (၅) ရပ်ကွက်က မီးသတ်စခန်း အဆောက်အဦအကုန် ပျက်စီးသွားသလို KNU/KNLA နဲ့ PDF ပူးပေါင်းတပ်တွေ ထိခိုက်သေဆုံးမှုရှိတယ်လို့ တပ်မတော်နဲ့နီးစပ်တဲ့ တယ်လီဂရန်တွေမှာ ဖော်ပြထားပေမဲ့ ကရင်သတင်းဌာနတွေကတော့ အမျိုးသမီးကြီးတစ်ဦး ဗုံးစထိမှန် သေဆုံးသွားတယ်လို့သာ သတင်းဖော်ပြပါတယ်။
“မီးသတ်စခန်းမှာက KNU/KNLA အပြင် PDF ပူးပေါင်းတပ်တွေပါ အခြေစိုက်စခန်းဖွင့်ထားတာ။ ဗုံးကြဲခံရတော့ လမ်းပိတ်ထားပြီး အနီးဝန်းကျင် ဖြတ်သန်းသွားလာခွင့်မပြုဘူး။ အရင်ကလည်း သူတို့စခန်းချရာနေရာတွေ ဗုံးကြဲခံရရင် သေဆုံးတာ လူသိမခံဘူး။ အခု သေသွားတဲ့ အမျိုးသမီးကလည်း သူတို့ကို ချက်ပြုတ်ကျွေးနေတဲ့သူလို့ သိရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
KNU ထိန်းချုပ်မီဒီယာ KIC မှာတော့ ထိခိုက်သေဆုံးသူက အသက် ၅၀ အရွယ် အမျိုးသမီးကြီးဖြစ်ပြီး ရော်ဘာစေးသွားခြစ်ပြီးအပြန် မီးသတ်ရုံးနားက နေအိမ်တစ်ခုမှာ မီးလှုံရာက ဗုံးစထိမှန်သေဆုံးတာလို့ ရေးသားထားတာ တွေ့ရပြီး KNU/ KNLA နဲ့ PDF တွေ သေဆုံးမှုတော့ ဖော်ပြထားတာ မတွေ့ရပါဘူး။
ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့အခြေချဗျူဟာစခန်းကုန်းကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လအတွင်း KNU/KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ဘက်က တိုက်ခိုက်သိမ်းယူထားတာဖြစ်ပြီး လက်ရှိအချိန်အထိ KNU ထိန်းချုပ်ထားလို့ ပြည်သူအများစု နေရပ်မပြန်သေးတဲ့ တိုက်ပွဲဖြစ်ပွားဆဲမြို့လည်းဖြစ်ပါတယ်။
ပုံစာ။ KNU/KNLA နဲ့ PDF ပူးပေါင်းတပ် စခန်းချရာ ကျိုက်ဒုံမီးသတ်စခန်း ဗုံးကြဲခံရပြီးမြင်ကွင်း (Photo – KIC & CJ)