၂၂. ၁. ၂၀၂၅
Written by Nyein Kyaw
ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၆ ရက်မတိုင်မီ လုပ်ငန်းများပြီးပြတ်အောင် ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်က ပြောကြားသည်။
ယင်းကဲ့သို့ ဆောင်ရွက်နိုင်ရန်အတွက် ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြန်မာဘက်နှင့် CITIC ဘက်မှ နှစ်ဖက်ကြိုတင်ဖြည့်ဆည်းရမည့် အချက်များ (Conditions Precedent) နှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကျောက်ဖြူအထူးစီးပွား ရေးဇုန်စီမံခန့်ခွဲမှုကော်မတီနှင့် တရုတ်နိုင်ငံ CITIC Group ဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း ကုမ္ပဏီလီမိတက်တို့အကြား လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agreement) ကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၅ ရက်တွင် ချုပ်ဆိုခဲ့သည်။ အဆိုပါ Concession Agreement ၏ နောက်ဆက်တွဲစာချုပ် (Addendum) ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး Long Stop Date ကို ၁၈ လ ကာလသက်တမ်းတိုးပေးခဲ့ကြောင်း သိရသည်။
Long Stop Date သက်တမ်းတိုးမြှင့်ထားသည့်ကာလမှာ ၂၀၂၅ ခုနှစ် ဇွန် ၂၆ ရက်တွင် ပြည့်မြောက်မည်ဖြစ်ပြီး အဆိုပါသက်တမ်း မပြည့်မြောက်မီ နှစ်လအလိုဖြစ်သည့် ၂၀၂၅ ခုနှစ် ဧပြီ ၂၆ ရက်မတိုင်မီ လုပ်ငန်းများပြီးပြတ်အောင် ဆောင်ရွက်နိုင်ရန် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိသည့်အတွက် သတ်မှတ်ရက်မရောက်မီ လုပ်ငန်းများပြီးစီးအောင် သက်ဆိုင် ရာဌာနများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်နိုင်ရေးအတွက် ယနေ့အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြောကြားသည်။
ထို့အတူ ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ရေးအတွက် အစုရှယ်ယာရှင်များနှင့် သက်ဆိုင်သော သဘောတူစာချုပ် (Share-holders’ Agreement) တွင် ဖော်ပြထားသည့်အတိုင်း မြန်မာ-တရုတ်နှစ်ဖက်အနေဖြင့် စီမံကိန်းမစတင်မီ ကြိုတင်ဖြည့်ဆည်း ဆောင်ရွက်ရမည့် စာချုပ်ပါအချက် ၁၆ ချက်ရှိသည်။
ယင်းအနက် မြန်မာဘက်က ဆောင်ရွက်ရမည့်အချက် ၁၀ ချက်၊ မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်ရမည့် အချက် ၄ ချက် စသည့်လုပ်ငန်းတာဝန်များကို သတ်မှတ်ကာလအတိုင်း ပြီးမြောက်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သက်တမ်းတိုးမြှင့်ထားသည့်ကာလသည် ၂၀၂၅ ခုနှစ် ဇွန် ၂၅ ရက်မတိုင်မီ သက်ဆိုင်ရာဌာနများမှ ဆောင်ရွက်ရမည့်လုပ်ငန်းများကို Timeline ချမှတ်၍ ပြီးပြတ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ပြောကြားသည်။