၂၁. ၁. ၂၀၂၅
Written by Nyein Kyaw
KNPP/KNDF နှင့် PDF များ တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသည့် လွိုင်ကော်တက္ကသိုလ် ပြုပြင်တည်ဆောက်ရေးအတွက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာရန်ပုံငွေကို အသုံးပြု၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ယနေ့ ပြုလုပ်သည့် ကယားပြည်နယ် လွိုင်ကော်တက္ကသိုလ်အား အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးမှုကြောင့် အဆောက်အဦများပျက်စီးခဲ့မှုအခြေအနေနှင့် ပြန်လည်ပြုပြင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။
အကြမ်းဖက်မှုများ၊ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားမှုများကြောင့် ဘေးသင့်ခဲ့ရမှုများသည် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ သဘာဝဘေးအန္တရာယ်ဆိုသည့် သတ်မှတ်ချက်အတွင်း အကျုံးဝင်ကြောင်း၊ လွိုင်ကော်တက္ကသိုလ် ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများကို အထူးကိစ္စရပ်အနေဖြင့် ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက လမ်းညွှန်ထားကြောင်း၊ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ ရန်ပုံငွေကို သုံးစွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးက ပြောကြားသည်။
ထိုသို့ ဆောင်ရွက်သည့်အခါတွင်လည်း လုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် တက္ကသိုလ်၏ လိုအပ်ချက်များ ကိုက်ညီရန်အတွက် ပညာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ကယားပြည်နယ်အစိုးရအဖွဲ့တို့အနေဖြင့် ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ စနစ်တကျ အမြန်ဆုံး စတင်ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြစေလိုကြောင်း ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးက ပြောကြားသည်။
KNPP/KNDF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ကယားပြည်နယ်အတွင်း အစိုးရ၏အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန် ရည်ရွယ်၍ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ လူနေအဆောက်အဦများ၊ ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာ အဆောက်အဦများကို အကာအကွယ်ရယူ၍ အဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင်ခဲ့ကြသည့်အပြင် စစ်ရေးနှင့်သက်ဆိုင်သော ပစ်မှတ်မဟုတ်သည့် ကယားပြည်နယ် လွိုင်ကော်တက္ကသိုလ်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကာ ပညာရေးဆိုင်ရာ အဆောက်အဦများ ဖျက်ဆီးခြင်းများကို လုပ်ဆောင်ခဲ့ကြသည်။
ထို့ပြင် လွိုင်ကော်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေသည့် ပါမောက္ခချုပ်အပါအဝင် ဆရာ/ဆရာမများနှင့် ပညာရေးဝန်ထမ်း ၁၃၂ ဦးနှင့်အတူ မှီခိုသူမိသားစုဝင် ၆၄ ဦး၊ စုစုပေါင်း ၁၉၆ ဦးနှင့် ကျောင်းသားများကို အသုတ်လိုက် အတင်းအဓမ္မ ဖမ်းဆီးချုပ်နှောင် ခေါ်ဆောင်သွားခြင်းခံခဲ့ရသလို သတ်ဖြတ်ခံရမှုလည်းရှိပြီး တိုက်ပွဲ ဖြစ်ပွားချိန်တွင် ဆရာ/ဆရာမများအနေဖြင့် နီးစပ်ရာစာသင်ခန်းများ၊ နေအိမ်များတွင် ကြောက်လန့်တကြား ပုန်းအောင်းနေထိုင်ခဲ့ကြရသည့် အခြေအနေအထိ အဆိုပါအဖွဲ့များက လုပ်ဆောင်ခဲ့ကြသည်။
အဆိုပါ အခြေအနေများနှင့် ကြုံခဲ့ရသည့် ကယား ပြည်နယ် လွိုင်ကော်ဒေသသည် နိုင်ငံတော်အစိုးရနှင့် တပ်မတော်တို့၏ ကြိုးပမ်းဆောင်ရွက်မှုများကြောင့် လက်ရှိတွင် ပုံမှန်အခြေအနေအတိုင်း ပြန်လည်တည်ငြိမ် အေးချမ်းလာပြီ ဖြစ်သည့်အတွက် ဒေသခံတိုင်းရင်းသား ပြည်သူများ အဆက်မပြတ် ပြန်လည်ဝင်ရောက် နေထိုင်လျက်ရှိပြီး လိုအပ်သည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။