၁၃ . ၁ . ၂၀၂၃
Written By Thandar
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ အတွင်းပိုင်းမှာ Indoor Setting ပထမဆုံးတည်ဆောက်ထားတယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းကပြောပါတယ်။
“ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံးကို ရုပ်ရှင်လောကသားတွေ ဝင်ထွက်သွားလာစေချင်တဲ့ ဆန္ဒလည်း ရှိတယ်။ ရုပ်ရှင်ကားကြီးတွေ မရိုက်တော့လည်း ဇာတ်လမ်းတွဲကို တော်တော်လေး ရိုက်လာကြတယ်။ ရုပ်ရှင်ရဲ့ Setting ပိုင်းတွေ လိုအပ်လာတယ်။ အိမ်မှာ ရိုက်ရင် နံရံတွေကအစ ရွှေ့လို့ မလွယ်ဘူး။ နံရံတွေကိုလည်း ရွှေ့ပြီး ရိုက်ကူးလို့ရအောင် ဘီးတွေနဲ့လုပ်ထားတယ်။ ကျွန်တော်တို့ အနုပညာရှင် အတတ်ပညာရှင်တွေက အထူးသဖြင့် ဆေးရုံဇာတ်ဝင်ခန်းဆို အစိုးရပိုင်တဲ့နေရာမှာ ရိုက်ရတာအခက်အခဲရှိတယ်။ ဇာတ်ဝင်ခန်းလိုအပ်ချက်အရ ဆေးရုံ Setting တည်ဆောက်ထားတာပါ။ နောက်တစ်ခု ရဲစခန်း၊ အချုပ်ခန်းတွေကို ရုပ်ရှင်အစည်းအရုံးရဲ့ ဟောခန်းမထဲမှာ Setting လုပ်ထားတော့ လွယ်ကူစွာရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ရိုက်ကူးရေး အဆင်ပြေချောမွေ့စွာ လုပ်ကိုင်နိုင်ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ ရုပ်ရှင်အစည်းအရုံးရဲ့ Indoor Setting တည်ဆောက်တာက ပထမဆုံးပါ ”လို့ ဦးကြည်စိုးထွန်းက ပြောပါတယ်။
လက်ရှိ ရုပ်ရှင်အစည်းအရုံးရှိတဲ့ ဟောခန်းမတွေမှာ ဆေးရုံခန်း ၊ ခွဲစိတ်ခန်း ၊ ရဲစခန်း ၊ ထောင်၊ တရားရုံး၊ အချုပ်ခန်း စတဲ့ ရိုက်ကူးရေး လိုအပ်ချက်တွေကိုလည်း တိုးချဲ့ပြီး ဖြည့်ဆည်းသွားမှာပါ။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌက ဦးစီးပြီး အမူဆောင်အဖွဲ့တွေဖြစ်တဲ့ ဦးအောင်လွင်၊ ကိုဇော်မင်း(ဟံသာမြေ)၊ ထုတ်လုပ်သူ ကိုသန်းဌေး၊ ရှုမဝတင်ငြိမ်း စတဲ့အလွှာအသီးသီးက သူတွေနဲ့ လုပ်ကိုင်ဆောင်ရွက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
ယခင် အစည်းအရုံး ဥက္ကဋ္ဌဦးဇင်ဝိုင်း လက်ထပ်ကတည်းက ဆေးရုံခန်းတွေ၊ စာသင်ခန်းတွေလည်း လုပ်ကိုင် ဆောင်ရွက်ခဲ့မှုတွေလည်း ရှိခဲ့ပါတယ်။ အပြင်က ငှားရမ်းခ စျေးနှုန်းထက် စျေးနှုန်းလျှော့ ယူပေးတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာလည်း ပုဂ္ဂလိက ရိုက်ကူးရေးအနေနဲ့ အေဝမ်းခြံ ၊ ညွှန့်မြန်မာခြံ ၊ မြတ်ဇော်ခြံ၊ ဦးမောင်မောင်စိုးခြံ၊ ရုပ်ရှင်ခြံ၊ ဒဂုံမြောက်ပိုင်း နေတိုး အဆောက်အဦအပြင် သန်လျင်ဘက်မှာ ဝင်းနိုင်ရဲ့ မျက်ခြယ်၊ ကြောင်ကမ္ဘာ အိမ်တွေ တည်ဆောက်ထားတယ်လို့ သိရပါတယ်။
ရုပ်ရှင်အစည်းအရုံးအနေနဲ့ လက်ရှိ Indoor Setting ပိုင်းအပြင် Outdoor Setting ပိုင်းအတွက် ရန်ကုန်မြို့ သန်လျင်မြို့နယ်ဘက်မှာလည်း ဧက ၁၀ နဲ့ အမြန်လမ်း မိုင် ၂၀ မှာလည်း ဧက ၂၀၀ ရှိတဲ့အတွက် Setting တည်ဆောက်မှုတွေ လုပ်ကိုင်ပေးသွားမယ်လို့ သိရပါတယ်။ လက်ရှိ Indoor Setting ပိုင်း အကောင်အထည်ဖော်နေပြီး Outdoor ရိုက်ကူးရင်း နားခိုနိုင်ဖို့ ရေမီးအဆုံး ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မိုင် ၂၀ မှာရှိတဲ့ ဧက ၂၀၀ နဲ့ ပတ်သက်ပြီး ပြုလုပ်ရမယ့် ကိစ္စတွေလည်း အားလုံးပြုလုပ်ထားသလို ဆိုင်ရာ ဌာနက စစ်ဆေးမှုတွေလုပ်ကိုင်ထားတယ်လို့ သိရပါတယ်။ မေမြို့မှာရှိတဲ့ ဧက ၂၀ ရိုက်ကွင်းမှာ အဆောက်အဦတစ်ခု ဆောက်လုပ်ထားပြီးတော့ မီးမရသေးဘူးလို့ သိရပါတယ်။