၂၁. ၁. ၂၀၂၄
Written by Nyein Kyaw
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ အကြံပေးဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် Army Operations Center Neighboring Countries Coordination Center (NCCC) ဌာနတာဝန်ခံ General Direk Bongkarn ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။
ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုများ ကောင်းမွန်လျက်ရှိမှု အခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ခေါင်းဆောင်များနှင့် အဆင့်မြင့်တပ်မတော်အရာရှိကြီးများ အချင်းချင်းဆက်ဆံရေး တိုးတက်ကောင်းမွန်လျက်ရှိသကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှုအခြေအနေများ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား အဆင့်အလိုက် အစည်းအဝေးများ နှစ်စဉ်အောင်မြင်စွာကျင်းပနိုင်မှု အခြေအနေများအား ဆွေးနွေးခဲ့သည်။
ထို့ပြင် နယ်စပ်ဒေသတွင် ဖြစ်ပွားလျက်ရှိသည့် တရားမဝင်လူကုန်ကူးမှုများ၊ အွန်လိုင်းငွေကြေး လိမ်လည်မှုများ ပပျောက်ရေးအတွက် နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်အကြား ပူးပေါင်းဆောင်ရွက်သင့်သည့် ကိစ္စရပ်များ၊ ထိုင်းနိုင်ငံမှ မြန်မာရေပိုင်နက်အတွင်း တရားမဝင်ငါးဖမ်းလှေနှင့် လှေလုပ်သားများအပေါ် မြန်မာနိုင်ငံမှ အရေးယူထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်လိုသည့် အစီအစဉ်များအတွက် ဆွေးနွေးခဲ့ကြသည်။
နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် သတင်းအချက်အလက်များ အပြန်အလှန် ဖလှယ်ရေးဆိုင်ရာကိစ္စရပ်များ၊ တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်တပ်မတော်အရာရှိကြီးများ ချစ်ကြည်ရေးခရီးများ လည်ပတ်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအတွက်လည်း ဆွေးနွေးခဲ့သည်။