၂၁. ၁. ၂၀၂၅
Written by Phyo Wei
အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုထားတဲ့ ပြည်တွင်းပြည်ပ ကုမ္ပဏီပေါင်း ၁၇၄ ခုကတစ်ဆင့် အသင်းဝင် သုံးသန်းကျော်ကို ကျပ်နှစ်ဘီလျံကျော် ထုတ်ချေးပေးထားတယ်ဆိုတဲ့ ဒီရက်သတ္တပတ်မှာပဲ AA နဲ့ ထိတွေ့ တိုက်ခိုက်မှုတွေဖြစ်ပွားနေတဲ့ ကုလားတန်စီမံကိန်းရဲ့ အဓိက အချက်အခြာ နေရာဖြစ်တဲ့ စစ်တွေဆိပ်ကမ်းကို အိန္ဒိယသံအမတ်ကြီးက နှစ်ရက်တာ သွားရောက်ပြီး ဆောင်ရွက်ဆဲလုပ်ငန်းတွေ သုံးသပ်ခဲ့တာ စစ်တွေဆိပ်ကမ်းဖွင့်လှစ်ပြီးလို့ တစ်နှစ်မပြည့်မီကာလအတွင်း သင်္ဘော ၁၅၀ ခန့် ကိုင်တွယ်နိုင်ခဲ့တယ်ဆိုတဲ့ဖြစ်စဉ်တွေ ရှိခဲ့တာကို တွေ့ရပါတယ်။
အခြားတစ်ဖက်မှာလည်း နိုင်ငံခြားငွေစျေးကွက် တစ်ပတ်အတွင်း ကျပ် ၃၀၀ လောက် ခုန်တက်လာချိန်မှာ တရားမဝင် နိုင်ငံခြားငွေ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်တဲ့ လူ ၂၆ ဦးကို စိစစ်ပြီး ၉ ဦးကို အမှုဖွင့်၊ ၆ ဦးကို တရားစွဲဆိုတာ၊ ငွေစျေးမတက်တက်အောင် လှုံ့ဆော်တဲ့ Page တွေ၊ Group တွေ အရေးယူမယ် ကြေညာပြီးအဖမ်းအဆီးကြမ်းလာတဲ့ဖြစ်စဉ်တွေကြောင့် တက်ဖို့အရှိန်ယူစ ဒေါ်လာစျေး ပြန်ကျမှုတွေအပြင် ဖားကန့်မှာ KIA ခွင့်ပြုချက်နဲ့ ကျောက်စိမ်းတူးနေတဲ့ ရတနာအဓိပတိ ကုမ္ပဏီရဲ့ နွံကန် ပေါက်ကျလို့ လူဆယ်ရာချီသေဆုံးပြီး နေအိမ်များစွာပျက်စီးခဲ့တဲ့ ဖြစ်ရပ်ဆိုးတွေ ဖြစ်ပွားခဲ့တာ၊ ရှေးဟောင်းဝတ္ထုပစ္စည်းတွေကို မှောင်ခိုစျေးကွက်မှာ ရောင်းချတာထက် နိုင်ငံတော်ကို အပ်နှံမယ်ဆို ကာလပေါက်ဈေးအပြင် ခေတ်ကာလကြေး၊ ခေတ်လက်ရာကြေးတွေကိုပါ ထပ်ဆောင်းချီးမြှင့် ပေးလို့ မူလတန်ဖိုးထက် သုံးဆလောက် ဆုကြေးငွေများစွာကို ရရှိနိုင်မယ်ဆိုတဲ့အကြောင်း၊ မိသားစုကိုစိတ်မချလို့ ရက်ရှည်ခရီးမထွက်လိုမှုနဲ့ နိုင်ငံခြားငွေဈေး မြင့်တက်နေမှုကြောင့် ဗုဒ္ဓဂါယာ ဘုရားဖူးသွားသူ အရင်နှစ်ထက် ထက်ဝက်ခန့်လျော့ကျလာတယ်ဆိုတဲ့အကြောင်းနဲ့ နေပြည်တော်မှာ ကျင်းပမယ့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနဲ့ပြိုင်ပွဲမှာ ဆုအမျိုးအစားပေါင်း ၃၁ မျိုး ပေးအပ်ချီးမြှင့်မယ်ဆိုတာကို ပြောလာတဲ့ ဖြစ်စဉ်တွေရှိပေမဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ သုံးနှစ်အတွင်း FDI က ဒေါ်လာ ခြောက်ဘီလျံကျော်စီးဝင်ခဲ့တယ်ဆိုတဲ့အကြောင်း၊ မြ၀တီက နာမည်ပျက် ကျားဖြန့်လိမ်လည်မှုလုပ်ငန်းတွေအတွက် BGF က စည်းကမ်းငါးချက် သတ်မှတ်ထားတယ်ဆိုတဲ့အကြောင်းတွေနဲ့ AA က ဘင်္ဂလားဒေ့ရှ် ကုန်သင်္ဘောတွေကို ဓားပြတိုက် ဖမ်းဆီးလိုက်တဲ့အကြောင်းကို သုံးသပ်ချင်ပါတယ်။
◾ သုံးနှစ်အတွင်း ခြောက်ဘီလျံကျော်စီးဝင်တဲ့ FDI
နိုင်ငံရေးပဋိပက္ခတွေ စတင်ဖြစ်ပွားခဲ့တဲ့ ၂၀၂၁ ခုနှစ်က စတင်လို့ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုတွေလည်း တုံဆိုင်းခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးနိုင်မှု ပမာဏက ၂၀၂၁ ခုနှစ်ကနေ လက်ရှိအချိန်အထိ လေးနှစ်အတွင်း ဒေါ်လာ ၃ ဒသမ ၅၈၄ ဘီလျံသာရှိခဲ့ပေမဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ် သုံးနှစ်အတွင်းမှာတော့ အရင်တုန်းက ခွင့်ပြုထားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မြန်မာနိုင်ငံအတွင်း အမှန်တကယ် ဝင်ရောက်လုပ်ကိုင်မှုက ဒေါ်လာ ၆ ဒသမ ၁၈၉ ဘီလျံအထိ စီးဝင်မှုရှိခဲ့တာဖြစ်ပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဟာ ဦးသိန်းစိန်လက်ထက်မှာ အမြင့်ဆုံးဝင်ရောက်ခဲ့တာဖြစ်ပြီး NLD အစိုးရဟောင်းလက်ထက်မှာတော့ ရခိုင်အရေးနဲ့အတူ ၂၀၁၆ ခုနှစ်ကတည်းက ကျဆင်းခဲ့တာပါ။ ဒါပေမဲ့ တစ်နှစ် ဒေါ်လာ ၅ ဘီလျံကျော်လောက် ပျမ်းမျှဝင်ခဲ့သေးတာ တွေ့ရသလို ဒီလို စီးဝင်နေမှုကို ၂၀၂၁ မှာ နိုင်ငံရေးပဋိပက္ခဖြစ်ပွားချိန် ဒီမကျေလည်မှုကို စီးပွားရေးအပေါ်ပုံချပြီး တာဝန်သိနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအပေါ် ဖိအားပေးရာက ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံထားတဲ့ လုပ်ငန်းကြီးတွေ ပြန်လည်ထွက်ခွာသွားကြသလို၊ Sanction ကြောင့် လျှော့စျေးတွေနဲ့ ရောင်းချမှုမှာ အစိုးရနဲ့နီးစပ်တဲ့ ခရိုနီတွေကသာ ဝယ်ယူရရှိကြမှုများတာကြောင့် NLD ၊ NUG နဲ့ သူတို့ထောက်ခံသူတွေရဲ့ FDI တွေ ရင်းနှီးမြှုပ်နှံမှုတွေ မလာအောင်တိုက်ဖျက်မှုဟာ ငွေရှိသူတွေ၊ အစိုးရနဲ့ နီးစပ်သူတွေကို ပိုကြွယ်၀စေခဲ့တာ အထင်အရှားတွေ့ရပါတယ်။ တစ်ဖက်မှာတော့ သာမန်အလုပ်သမားတွေဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာတာ၊ ဝင်ရောက်လာမှုနည်းတာနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မလာနိုင်အောင် တားမြစ်ပိတ်ပင်မှုတွေကြောင့် တစ်နေ့တာအခကြေးငွေဟာ တစ်ဒေါ်လာလောက်နဲ့၊ ဒေါ်လာစျေးဆွဲတင်ချိန် တစ်ဒေါ်လာမပြည့်တဲ့ငွေနဲ့ အသက် ဆက်နေကြရသလို FDI ကျဆင်းတာ၊ ILO ရဲ့ ပိတ်ဆို့မှု ခြိမ်းခြောက်ခံရတာတွေကြောင့် အလုပ်အကိုင်အခွင့်အလမ်းလည်းနည်းပါးတဲ့ ခက်ခဲကျပ်တည်းမှုကို ရင်ဆိုင်နေကြရတဲ့ အခြေအနေပါ။
◾ ကျားဖြန့်အတွက် စည်းငါးချက်
တရုတ်အွန်လိုင်းလိမ်လည်မှု ကျားဖြန့်ဂိုဏ်းတွေနဲ့ သူတို့ရဲ့ လူကုန်ကူးမှုကို တိုက်ဖျက်ရေးအတွက် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ BGF က DKBA က တပ်မှူးတွေ၊ ထိုင်းတပ်မတော်ရဲ့ Ratchamanu Task Force ၊ ရွှေကုက္ကိုလ်နဲ့ မြဝတီက တရုတ်လုပ်ငန်းရှင်တွေကို ဇန်နဝါရီ ၁၅ ရက်မှာ တွေ့ဆုံဆွေးနွေးပြီး ကျားဖြန့် တရုတ်လုပ်ငန်းရှင်တွေ လိုက်နာရမယ့်စည်းမျဥ်းငါးချက် ချမှတ်လိုက်တယ်လို ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပြီး လူ ၆၀ လောက်တွေ့တဲ့ ဒီပွဲမှာ အများစုက တရုတ်လုပ်ငန်းရှင်တွေပါ။ ဒီတွေ့ဆုံပွဲမှာ BGF အကြီးအကဲ ဗိုလ်မှူးချုပ်စောချစ်သူက မြဝတီမြိုမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ မိတ်ဖက်အားလုံးဟာ လူကုန်ကူးမှုကွန်ရက်တွေ၊ လိမ်လည်လှည့်ဖြားသူတွေ၊ တရားမဝင်စီးပွားရေးလုပ်ငန်းတွေနဲ့ တရားမဝင်လုပ်ဆောင်မှုတွေမှာ ပါဝင်ပတ်သက်တဲ့ အခြားအုပ်စုတွေကို စောင့်ကြည့်ရာမှာ BGF နဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ အကျပ်ကိုင်တာ၊ ခြိမ်းခြောက်တာ၊ ကိုယ်ထိလက်ရောက် စော်ကားတာနဲ့ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခြင်း မပြုဖို့၊ အသက် ၁၈ နှစ်အောက် အလုပ်သမားအသုံးမပြုဖို့၊ လူကုန်ကူးပြီး ငွေကြေးကောက်ခံမှုမပြုဖို့နဲ့ တရားမ၀င်တဲ့ အွန်လိုင်းလိမ်လည်မှုမှာ ဖမ်းမိတဲ့ ဘယ်လိုစီးပွားရေးလုပ်ငန်းကိုမဆို ပိတ်သိမ်းပြီး ထွက်ခွာခိုင်းမယ်ဆိုတဲ့ စည်းကမ်းချက်ငါးချက် သတ်မှတ်ထားကြောင်း ပြောခဲ့တယ်လို့လည်း သိရပါတယ်။
မြန်မာအစိုးရလက်အောက်ကနေ ခွဲထွက်ပြီး သီးခြားရပ်တည်မယ်လို့ သတင်းထုတ်ခဲ့ဖူးတဲ့ BGF ဒါမှမဟုတ် KNA ဟာ လတ်တလောမှာတော့ နာမည်ပျက်နေတဲ့ ရွှေကုက္ကိုလ်အပြင် KNU ရဲ့ ရှယ်ယာပါတဲ့ ကျားဖြန့်ဂိုဏ်းအများစုတည်ရှိရာ KK Park ကိုပါ ထိန်းချုပ်ထားတယ်ဆိုတာမျိုးလည်း လက်နက်ကိုင်အသိုင်းအဝိုင်းတွေကြား သတင်းပျံ့နေတာပါ။ နိုင်ငံရေးအကျပ်အ တည်းနဲ့ တိုက်ပွဲတွေကြားမှာ မြ၀တီလို နိုင်ငံ့အစွန် အဖျားနဲ့ ရွှေတြိဂံဆုံချက်နားက လက်နက်ကိုင်အဖွဲ့စုံကြီးစိုးရာနေရာမှာ အကျိုးအမြတ်ရနေတာက ကရင်လက်နက်ကိုင်တွေဖြစ်ပြီး နာမည်ပျက်ထွက်နေရတာက မြန်မာနိုင်ငံပါ။ ဒီအခြေအနေကြားက တရားဥပဒေစိုးမိုးမှုပျက်ယွင်းနေပြီး ကရင်လက်နက်ကိုင်တွေ ညီညွတ်နေတဲ့ မြဝတီနယ်စပ်တစ်ကြောက တရုတ်ကျားဖြန့်တွေဟာ စောချစ်သူရဲ့ စည်းကမ်းငါးချက်ကို ဘယ်လောက်လိုက်နာနိုင်မလဲ ဘယ်သူမှ မသိသေးသလို တစ်နှစ်တစ်နှစ်ကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဒေါ်လာ ဘီလျံ ၄၀ ကျော် ၅၀ လိမ်လည်ခံနေရတဲ့ ဒီဒုစရိုက်အဝန်းအဝိုင်းက ကရင်လက်နက်ကိုင်တွေကြောင့်ပဲ သက်ဆိုးရှည်ဦးမယ့်သဘော ဖြစ်လို့ မြန်မာနိုင်ငံအပေါ် ဖိအားထပ်မဖြစ်ဖို့အတွက် အခုထက်ပိုတဲ့ အရေးယူဖြေရှင်းမှုတွေလည်း လုပ်ဆောင်ရဦးမယ့် အနေအထားပါပဲ။
◾ AA က ပင်လယ်ဓားပြလုပ် ဖမ်းဆီးလိုက်တဲ့ ဘင်္ဂလားဒေ့ရှ်ကုန်သင်္ဘော
ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက်နက်ဖ်ဒေသဆိပ်ကမ်းစီ ဦးတည်ပြီး ရန်ကုန်မြို့ကနေ ကုန်ပစ္စည်းတွေတင်ဆောင်ပြီး ခုတ်မောင်းလာတဲ့ ကုန်သင်္ဘောသုံးစီးကို ရခိုင် ပြည်နယ်အတွင်း လက်နက်စွဲကိုင် နယ်မြေလုယက်ထားတဲ့ ရခိုင်အကြမ်းဖက်အဖွဲ့ AA က နတ်မြစ်ဝအရောက်မှာ ဝေစုတောင်းဖို့ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ ဒီ ကုန်သင်္ဘောတွေက ရန်ကုန်မြို့ကနေ ငါးခြောက်၊ ကွမ်းသီး၊ ကော်ဖီနဲ့ တခြားပစ္စည်းတွေပါဝင်တဲ့ ကုန်အိတ်ပေါင်း ၅၀,၀၀၀ ကို သယ်ဆောင်လာတာပါ။ ဒီဖြစ်စဥ်မှာ အဓိကကျတဲ့အမြင်ကတော့ ဒီသင်္ဘောတွေဟာ မြန်မာလုပ်ငန်းရှင်တွေရဲ့ ပို့ကုန်တွေမဟုတ်လို့ ပြည်တွင်းပဋိပက္ခကို တံဆိပ်ကပ် AA ဖမ်းတာမဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ် လုပ်ငန်းရှင်တွေရဲ့ ကုန်သင်္ဘောကို ဖမ်းတာဖြစ်လို့ ဘင်္ဂလားဒေ့ရှ်နဲ့ ကမ္ဘာ့အမြင်မှာတော့ အကြမ်းဖက်အဖွဲ့အစည်း AA ဟာ ဘင်္ဂလားဒေ့ရှ်ကုန်သင်္ဘောတွေကို ပင်လယ်ဓားပြအသွင် ဓားပြတိုက်တာလို့ပဲ ယူဆကြတာပါ။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကလည်း AA လက်မှတ်နဲ့ ဘင်္ဂလားဒေ့ရှ်ကို ဆန်ကုန်သွယ်ဖို့ ကြိုးပမ်းခဲ့သေးတာပါ။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ မူးယစ်ဆေးဖြန့်တဲ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို မကြာခဏပြန်ပေးဆွဲ၊ပစ်ခတ်မှုနဲ့ ဘင်္ဂါလီတွေကိုလည်း လူကုန်ကူးတဲ့အပြင် မုဒိမ်းကျင့်သတ်ဖြတ်နေတဲ့ AA လို အကြမ်းဖက်လက်နက်ကိုင်အဆင့်နဲ့ ထိတွေ့ဆက်ဆံမှုမပြုလုပ်ဘူးလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရားဝင်ထုတ်ပြောလာပြီး AA ရဲ့ လက်မှတ်နဲ့ ဆန်တင်ပို့တာကိုပါ လက်မခံကြောင်းနဲ့ အရေးယူမှာဖြစ်ကြောင်းပါ ပြောလာလည်း တွေ့ရပါသေးတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နဲ့ ထိစပ်နေတဲ့ ရခိုင်ပြည်နယ်က မြို့အများစုကို AA က သိမ်းပိုက်ထားလို့ ဒီနယ်စပ်ပြဿနာကို SAC အစိုးရက အမြန်ဆုံးအဖြေရှာပေးဖို့ တောင်းဆိုခဲ့တာလည်း တွေ့ရပါသေးတယ်။ ဒါ့အပြင် AA ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို ပစ်ခတ်မှု၊ ဖမ်းဆီးသတ်ဖြတ်မှုတွေ ကျူးလွန်ထားတာလည်း ရှိနေပါသေးတယ်။ မြန်မာအစိုးရက အကြမ်းဖက်သတ်မှတ်ထားသလို ကမ္ဘာနဲ့ ဘင်္ဂလားဒေ့ရှ်ကပါ မူးယစ်ဆေးဖြန့် အကြမ်းဖက် ပင်လယ်ဓားပြလို့ ယူဆခံထားရတဲ့ AA ဟာ နယ်စပ်တစ်ကြောမြို့တွေ ယာယီရထားပေမဲ့လည်း ဘင်္ဂါလီလက်နက်ကိုင်တွေရန် ကြောက်နေတာ၊ ဘူးသီးတောင်နဲ့ မောင်တောကို မြို့သိမ်းချိန်မှာ ဘင်္ဂလီနေအိမ်သောင်းနဲ့ချီ မီးရှို့ဖျက်ဆီးပြီး ရာထောင်ချီ သတ်ဖြတ် မုဒိမ်းကျင့်ခဲ့တာ စတဲ့ စစ်ရာဇဝတ်မှုတွေကြောင့် နာမည်ပျက်နေတာလည်း ရှိပါသေးတယ်။ ဒီလိုကာလမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသုံးငွေကြေး တာကာ သန်း ၄၀၀ ကျော်တန်ဖိုးရှိတဲ့ ဘင်္ဂလားဒေ့ရှ်ကုန်သဘောသုံးစီးကို ပင်လယ်ဓားပြလို တိုက်ခိုက်ဖမ်းဆီးတာဟာ AA ရဲ့ အသိဉာဏ်နည်းတဲ့ လုပ်ရပ်ဖြစ်သလို AA ရဲ့ ဘင်္ဂါလီတွေအပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေက အစ္စလာမ္မစ်အသိုင်းအဝိုင်းတွေ ဖိအားဖြစ်လာပြီး အရှေ့တီမောလိုမျိုး နယ်မြေခွဲသွားအောင် ကမ္ဘာက ဖိအားပေးလာနိုင်တာမို့လို့ ဒီနယ်စပ်ပြဿနာကိုလည်း မြန်မာအချုပ်အခြာအာဏာအတွက် အရင်းခံစိတ်နဲ့ အမြန်အဖြေရှာရမှာပါလို့ သုံးသပ်မိရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။