၂၁. ၁. ၂၀၂၅
Written by Nay Moe
အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရတဲ့ တအာင်းလက်နက်ကိုင် TNLA နယ်မြေလုယက်သိမ်းယူထားတဲ့ နောင်ချိုစည်ပင်ရုံးနဲ့ ထွေအုပ်ရုံး လေကြောင်းဗုံးကြဲခံရလို့ တစ်ဦးသေပြီး နှစ်ဦး ဒဏ်ရာရမှု ဒီနေ့ဖြစ်ပွားခဲ့ပါတယ်။
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်က TNLA လက်နက်ကိုင်တွေ အခြေပြု ရုံးစိုက်ထားတဲ့ စည်ပင်ရုံးနဲ့ ထွေအုပ်ရုံးကို ဒီ နေ့လယ် ၂ နာရီအချိန်မှာ ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့လို့ တစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိတဲ့အပြင် နေအိမ်တစ်လုံးနဲ့ စည်ပင်ရုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆောက်အအုံတွေလည်း မီးလောင်မှုဖြစ်ခဲ့တယ်လို့ သိရပြီး TNLA ကတော့ သေဆုံးသူဟာ ပြည်သူဖြစ်တယ်လို့ ထုံးစံအတိုင်း ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။
TNLA၊ MNDAA နဲ့ AA တို့ဟာ ၁၀၂၇ စစ်ဆင်ရေးအမည်တပ်ပြီး မြို့သိမ်းပွဲတွေဆင်နွှဲမှုကြောင့် လူထောင်ချီသေဆုံးခဲ့သလို နေအိမ်ရာချီ မီးလောင်ပျက်စီးတာ၊ နေအိမ်ထောင်ချီ ဖောက်ထွင်းလုယက်ကြတာကြောင့် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂ ရက်မှာ သူတို့သုံးဖွဲ့စလုံးကို အကြမ်းဖက်သတ်မှတ်ပြီး တိုက်ခိုက်မှုစတင်တော့မှာဖြစ်လို့ ဒီလိုအကြမ်းဖက်အဖွဲ့တွေအနီး မနေဖို့ ပြည်သူလူထုကို သတိပေးပြီးချိန်ကစ အဆက်မပြတ်လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ နိုင်ငံရေးညှိနှိုင်းမှု လုပ်ဆောင်မှုမရှိတဲ့ AA နဲ့ TNLA သိမ်းယူထားရာမြို့တွေကို လေကြောင်းတိုက်ခိုက်မှုပြုနေတာလည်း ဖြစ်ပါတယ်။