၂၁.၁. ၂၀၂၅
Written by Thettant
မြန်မာ့ရိုးရာလက်ဝှေ့ အလွတ်တန်းချန်ပီဖြစ်ခဲ့သူ ဂန္တဝင်လက်ဝှေ့ကျော်သမန်းကျား (ခ) ဦးစောလှမင်းဟာ အသက် ၇၃ နှစ်အရွယ် ဒီနေ့မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။
အသက် ၂၄ နှစ်အရွယ် ၁၉၇၃ ခုနှစ်မှာ မြန်မာပြည် လက်ဝှေ့ ချန်ပီယံဖြစ်ခဲ့ပြီး အသက် ၅၉ နှစ်အထိ လက်ဝှေ့ထိုးခဲ့သူ သမန်းကျားဟာ တိုက်ကြီးမြို့က တမိုင်ဝန်ထမ်းရပ်ကွက်နေအိမ်မှာ ဒီနေ့မနက် ၈ နာရီ ၁၀ မိနစ် အချိန်က ကွယ်လွန်သွားခဲ့တာပါ။
မြန်မာပြည်အလွတ်တန်းချန်ပီယံဆုကြီးကို ဆယ်စုနှစ်တစ်စုကျော် အရှည်ကြာဆုံးကာကွယ်နိုင်ခဲ့သလို လက်ဝှေ့ဘုရင် မိုးကြိုးနောက် ဒုတိယမြောက်ရွှေခါးပတ်ချန်ပီယံ သမန်းကျားဟာ ဆီးကျိတ်ကင်ဆာဝေဒနာကို ကာလရှည် ခံစားခဲ့ရသူလည်းဖြစ်ပြီး ဆီးကျိတ်ကင်ဆာရောဂါနဲ့ ဆက်စပ်ဝေဒနာအချို့ကြောင့် ကွယ်လွန်ခဲ့တာလို့လည်း မိသားစုနဲ့နီးစပ်သူတစ်ဦးက သူသိရတာအချို့ မျှဝေပါတယ်။
ရဲအရာရှိဟောင်းလည်းဖြစ်တဲ့ သမန်းကျားဟာ ဘားအံမြို့နယ် ရွှေတောရွာဇာတိလည်းဖြစ်ပြီး သမန်းကျားကွယ်လွန်မှုအပေါ် လက်ဝှေ့ကျော် ဒေဝကလည်း “R.I.P That Mann Kyar 🙏🕊️ ဒီနေ့ဟာမြန်မာ့ရိုးရာလက်ဝှေ့လောကအတွက် ဝမ်းနည်းစရာကောင်းတဲ့ နေ့တစ်နေ့ပါ။ ဒီနေ့မနက် ဦးသမန်းကျား ကွယ်လွန်သွားပါပြီ။ သူဟာ ၈၀ ခုနှစ်တုန်းက လက်ဝှေ့လောကရဲ့အလွတ်တန်းချန်ပီယံတစ်ယောက်ဖြစ်ပြီး ပွဲပေါင်းများစွာကိုလည်းယှဥ်ပြိုင်အနိုင်ယူခဲ့တဲ့ ဂန္တဝင်ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ သူက မြန်မာလက်ဝှေ့အားကစားမှာ ကျွန်တော်တို့လိုလူတွေချန်ပီယံဖြစ်ပြီး အောင်မြင်တဲ့လမ်းကြောင်းကို လျှောက်လှမ်းနိုင်အောင် မျိုးဆက်သစ် ယှဉ်ပြိုင်သူတွေ အတွက်လမ်းကြောင်း ဖောက်ပေးခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ ဦးသမန်းကျားရဲ့လက်ဝှေ့အပေါ် ပံ့ပိုးကူညီမှုနဲ့ပက်သတ်ပြီးဂုဏ်ယူမိပါတယ်၊ အဲ့အတွက်ကြောင့် ဒီနေ့သူနဲ့ပက်သတ်ပြီး လေးစားဂုဏ်ပြုစကားဆိုဖို့ ကျွန်တော့်အတွက်လည်းအရေးပါပါတယ်။ကျေးဇူးတင်ပါတယ် ဦးသမန်းကျား။ ကောင်းရာဘုံဘဝရောက်ပါစေ 🙏🙏✨🕊️(သတ်ပုံမူရင်း)”လို့ ခရစ်တော်မှာ အိပ်ပျော်ခဲ့သူအတွက် ဆုမွန်ကောင်း တောင်းပေးထားပါတယ်။ (Photo / Credit)