၂၁.၁.၂၀၂၅
Translated by Htwe Ko Tun
တူရကီနိုင်ငံ အနောက်မြောက်ပိုင်းရှိ လူသိများသော ကာတာလ်ကာရာ နှင်းလျှောစီးအပန်းဖြေစခန်းမှ Grand Kartal ဟိုတယ်၌ ဇန်နဝါရီ ၂၁ ရက်၊ ဒေသစံတော်ချိန် နံနက် ၃ နာရီ ၂၇ မိနစ်(ဂရင်းနစ်စံတော်ချိန် ၀၀၂၇ နာရီ) တွင် မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။ မီးကြောင့် အပြင်ဘက်တွင် သစ်သားဖြင့်ဖုံးလွှမ်း တည်ဆောက်ထားသောအထပ် ၁၂ ထပ်ရှိဟိုတယ်တစ်ခုလုံးလိုပင် မီးကဝါးမြိုကာ အနည်းဆုံး လူဆယ်ဦး သေဆုံးခဲ့ရပြီး ၃၂ ဦး ဒဏ်ရာရခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောခဲ့သည်။
NTV အသံလွှင့်ဌာနကပြောခဲ့ရာ၌ သေဆုံးသူများအနက်သုံးဦးမှာ ဟိုတယ်၏ ပြတင်းပေါက်များမှ ခုန်ချ ခဲ့၍ဖြစ်ကြောင်း သိရသည်။ ဟိုတယ်က တောင်တန်းတစ်ခု၏ထိပ်တွင် တည်ရှိကာ မြို့တော် အန်ကာရာမှအနောက်မြောက်ဘက် ကီလိုမှတာ ၁၇၀ (မိုင် ၁၀၀) ခန့် အကွာတွင် တည်ရှိသည်။
မီးက ဟိုတယ်ရှိစားသောက်ဆိုင်မှ စတင်ခဲ့ခြင်းဟု ယုံကြည်ကြသော်လည်း မီးလောင်ရခြင်းအကြောင်းကို ရှင်းရှင်းလင်းလင်းမပြောနိုင်သေးပေ။
ရုပ်မြင်သံကြားရိုက်ကူးချက်များအရ အနောက်ဘက်တွင် နှင်းများဖုံးလွှမ်းနေသော တောင်တန်းရှိသည့် ဟိုတယ်မှ ကြီးမားသော မီးခိုးလုံးကြီးများ ကောင်းကင်သို့ လိပ်တက်လာသည်ကို တွေ့ကြရသည်။ ဟိုတယ်က တောင်ကမ်းပါးယံတွင် တည်ရှိသောကြောင့်လည်း မီးသတ်သမားများအဖို့ မီးကိုငြှိမ်းသတ်ရာတွင် အခက်အခဲဖြစ်ခဲ့ကြရသည်။
ဒေသခံမီဒီယာများက ဟိုတယ်တွင်တည်းခိုနေသူ ၂၃၇ ဦးရှိပြီး ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းမှာ ကျောင်းပိတ်ရက်များကြောင့်ဖြစ်ကြောင်းလည်း သိရသည်။ ကယ်ဆယ်ရရှိသူများကို အနီးရှိ ဟိုတယ်တစ်ခုတွင် နေရာချထားကြောင်း သိရသည်။
Ref- Arab News