၂၁.၁.၂၀၂၅.
Translated by Htwe Ko Tun
တိုင်ဝမ်ကျွန်းတောင်ပိုင်းဒေသတွေမှာ ဇန်နဝါရီလ ၂၀ ရက် ညသန်းခေါင်ကျော်၊ ဇန်နဝါရီလ ၂၁ ရက်ကို ကူးပြောင်းစအချိန်မှာ ပြင်းအား မဂ္ဂနီကျူ့ ၆ ဒသမ ၄ ရှိ မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့တာကြောင့် အိုးအိမ်အဆောက်အအုံအများအပြားပျက်စီးကာ အနည်းဆုံး လူ ၂၇ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ငလျင်က တောင်ထူထပ်တဲ့ Chiayi ခရိုင်အတွင်း Dapu မြို့နယ်ကို ဗဟိုပြုလို့ နံနက် ၁၂ နာရီ ၁၇ မိနစ်မှာ လှုပ်ခတ်ခဲ့တာလို့ သတင်းတွေက ဆိုပါတယ်။ ငလျင်က မြေအနက် ၉ ဒသမ ၇ ကီလိုမီတာကို ဗဟိုပြုခဲ့တာလို့လည်း မီးသတ်တပ်ဖွဲ့က ပြောခဲ့ပါတယ်။ ဒါပေမယ့် ငလျင်ကြောင့် သေကြေပျောက်ဆုံးမှုရှိတယ်ဆိုတဲ့ သတင်းတွေတော့ မရရှိသေးပါဘူး။
ဇန်နဝါရီလ ၂၁ ရက် နံနက်ပိုင်းမှာလည်း အဆိုပါနယ်မြေတစ်ဝိုက်မှာ နောက်ဆက်တွဲငလျင်တွေ ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ အများဆုံးထိခိုက်မှုက နန်စီခရိုင်၊ တိုင်နန်မြို့မှာဖြစ်ပြီး အိမ်ဆယ်လုံးကျော်တစ်စိတ်တစ်ပိုင်း ဒါမှမဟုတ် လုံးဝပြိုကျပျက်စီးခဲ့ရပါတယ်။
တိုင်နန်မြို့တော်ဝန် Huang Wei-che က မြို့အတွင်းတချို့နေရာတွေမှာ လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ရပြီး သူက နန်စီခရိုင်အတွင်း ငလျင်လှုပ်အပြီး ရှာဖွေမှုတွေ ချောမွေ့စေဖို့ ဒေသခံပြည်သူတွေ ကိုယ့်အိမ်မှာသာနေကြဖို့ ပြောခဲ့ပါတယ်။
မြေငလျင်ကျွမ်းကျင်ပညာရှင်တွေကလည်း နောက်သုံးရက်အတွင်း ပြင်းအား မဂ္ဂနီကျူ့ ၅ နဲ့ အထက်မှာရှိတဲ့ နောက်ဆက်တွဲငလျင်တွေ လှုပ်ခတ်နိုင်သေးတာကြောင့် သတိဝီရိယနဲ့နေထိုင်ကြဖို့ သတိပေးခဲ့ပါတယ်။
Dapu မြို့နယ်မှာဆိုရင် ငလျင်ကြောင့် တချို့လမ်းတွေပျက်စီးနေမှုက ဖြတ်သန်းသွားလာလို့မရတဲ့ အခြေအနေကိုတောင်ရောက်နေကာ ရေနဲ့ လျှပ်စစ်ဓာတ်အားထောက်ပံ့မှုတွေ ချို့တဲ့ပြတ်တောက်နေပါတယ်။
တရုတ်တိုင်ဝမ်ရဲ့ ကွန်ပျူတာချစ်ပ်တွေပြုလုပ်တဲ့ TSMC လုပ်ငန်းက ငလျင်လှုပ်ခတ်နေစဉ် သူ့ရဲ့ နိုင်ငံအလယ်ပိုင်းနဲ့ တောင်ပိုင်းရှိစက်ရုံတွေက အလုပ်သမားတွေကို ဘေးလွတ်ရာပြောင်းရွှေ့ထားတယ်လို့ ပြောခဲ့ပါတယ်။
Ref- Bangkok Post