၁၃. ၁. ၂၀၂၃
Written by Pan Ei
အမေရိကန်ပြည်ထောင်စု အလာဘားမားပြည်နယ် အလယ်ပိုင်းတွင် ကြာသပတေးနေ့ (ဇန်နဝါရီ ၁၂ ရက်) တွင် လေပြင်းမုန်တိုင်းများနှင့် လေဆင်နှာမောင်းများ တိုက်ခတ်မှုကြောင့် အနည်းဆုံး လူခြောက်ဦး သေဆုံးခဲ့ကြောင်း ဒေသခံတာဝန်ရှိသူများက ပြောကြားခဲ့သည်။
လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လေထဲပျံဝဲနေသော အပျက်အစီးများသည် အနည်းဆုံး လူလေးဦးကို သေဆုံးစေခဲ့ပြီး ခရိုင်အတွင်းရှိ အနည်းဆုံး အိမ်ခြေ ၂၀ ခန့် ပျက်စီးခဲ့သည်ဟု အော်ဂါတာခရိုင် အုပ်ချုပ်ရေးမှူးက ပြောခဲ့သည်။
ကြာသပတေးနေ့တွင် မုန်တိုင်းအပြင်းအထန်တိုက်ခတ်ခဲ့သော အော်တိုဂါ၊ ချမ်ဘာ၊ ကိုဆာ၊ ဒဲလပ်စ်၊ အယ်မိုးနှင့် တာလာပိုဆာ စသော အလာဘားမားပြည်နယ်၏ ခရိုင်ခြောက်ခုအတွက် အရေးပေါ် အခြေအနေ ကြေညာခဲ့ရသည်။
လေပြင်းတိုက်ခတ်မှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်များ ပျက်စီးခဲ့ပြီး ဂျော်ဂျီယာ၊ မစ္စစ္စပီနှင့် အလာဘားမားတို့တွင် သောင်းနှင့်ချီသော သုံးစွဲသူများ လျှပ်စစ်မီး ပြတ်တောက်ခဲ့သည်ဟု သိရသည်။
ဟတ်စ်ဖီးလ်-ဂျက်ဆင် အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ချားလက် ဒေါက်ဂလပ်စ် အပြည်ပြည်ဆိုင်ရာလေဆိပ်တို့တွင်လည်း လေယာဉ်ခရီးစဉ်ပေါင်း ၂၅၀ ကျော်ကို ဖျက်သိမ်းခြင်း သို့မဟုတ် အချိန်ရွှေ့ဆိုင်းခြင်းများ ပြုလုပ်ခဲ့ရသည်။
Ref; Reuters