၂၁. ၁. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော်အနေဖြင့် မြန်မာပြည်အထက်ပိုင်းနှင့် အောက်ပိုင်းတို့တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်များ အသစ်ဖွင့်လှစ်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ယမန့်နေ့က ပြုလုပ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်များ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။
နေပြည်တော်ရေဆင်းရှိ စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တို့တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ပညာရှင်များ နှစ်စဉ်သင်ကြားမွေးထုတ်ပေးလျက်ရှိသော်လည်း လိုအပ်ချက်များရှိနေသေးကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြောကြားသည်။
နေပြည်တော်ရေဆင်းတက္ကသိုလ်သည် နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့နယ် ရေဆင်းရွာအနီးတွင်တည်ရှိပြီး စိုက်ပျိုးရေးတက္ကသိုလ်၊ သစ်တောတက္ကသိုလ်၊ စိုက်ပျိုးရေးသုတသန၊ သစ်တောသုတေသန၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တို့ဖြင့် ဖွဲ့စည်းထားသော တက္ကသိုလ်ဖြစ်သည်။
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သည် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော စိုက်ပျိုးရေးတက္ကသိုလ်ဖြစ်ပြီး စိုက်ပျိုး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုအောက်ရှိ တက္ကသိုလ်တစ်ခုလည်းဖြစ်ကာ နှစ်စဉ် စိုက်ပျိုးရေးသိပ္ပံဘွဲ့ရ (Bachelor of Agricultural Science) ဦးရေ ၂၀၀ ခန့် မွေးထုတ်ပေးနေကြောင်း သိရသည်။