◾ TikTok လူမှုကွန်ရက်ပလက်ဖောင်းကို ပိတ်ဆို့မှုအား ၇၅ ရက် ရွှေ့ဆိုင်း
၂၁.၁.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုရဲ့ ၄၇ ယောက်မြောက်သမ္မတဖြစ်တဲ့ ဒေါ်နယ်ထရန့်က ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်မှာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးတဲ့နောက် မွန်းတည့် ၁၂ နာရီအချိန်ကစလို့ အမေရိကန်ရဲ့ သမ္မတအသစ်အဖြစ် စတင်တာဝန်ယူခဲ့ပါတယ်။
သမ္မတအဖြစ်တာဝန်ယူပြီးလို့ ပထမနေ့ဖြစ်တဲ့ ဇန်နဝါရီလ ၂၀ ရက်မှာပဲ ဒေါ်နယ်ထရန့်က ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်တွေကို ထုတ်ပြန်ခဲ့ရာမှာ ဂျိုးဘိုင်ဒန်အစိုးရလက်ထက်က မူဝါဒ ၇၈ ခုကို ပြန်လည်ရုပ်သိမ်းမှုပြုခဲ့ပါတယ်။ ဒါ့ပြင် ပါရီရာသီဥတုသဘောတူညီချက်နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ကနေ အမေရိကန်ပြည်ထောင်စုကိုလည်း ပြန်လည်နုတ်ထွက်မှုပြုခဲ့ပြန်ပါတယ်။
ဒါ့ပြင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်မှာ သမ္မတရွေးကောက်ပွဲမကျေနပ်မှုတွေနဲ့ ကွန်ဂရက်အဆောက်အအုံကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အဓိကရုဏ်းမှာ ပါဝင်သူတွေကိုလည်း ပြစ်ဒဏ်မှလွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ဥပဒေကဲ့သို့အာဏာတည်သောအမိန့်ကို လက်မှတ်ထိုးခဲ့ပါတယ်။ ဒီအမိန့်က အရေးယူခံထားရတဲ့ အဓိကရုဏ်းမှာပါဝင်သူ ၁,၅၀၀ ကျော်ကို အကျိုးသက်ရောက်မှုရှိမှာပါ။ ဒါ့ပြင် အမေရိကန်ရဲ့အထင်ရှားဆုံး လက်ယာစွန်းအုပ်စုနှစ်ခုဖြစ်တဲ့ ကွန်ဂရက်အဆောက်အအုံကို တိုက်ခိုက်မှုမှာပါခဲ့ကြတဲ့ Oath Keepers နဲ့ Proud Boys အဖွဲ့ဝင်တွေကိုလည်း နိုင်ငံတော်ကိုအကြည်ညိုပျက်စေမှုနဲ့ တရားစွဲ ခံထားရတဲ့ ပြစ်ဒဏ်တွေ လျှော့ပေါ့ခဲ့ပါတယ်။
အမေရိကန်မှာ ပိတ်ပင်ဖို့ သမ္မတဂျိုးဘိုင်ဒန်လက်ထက်က ဆောင်ရွက်ခဲ့တဲ့ တရုတ်နိုင်ငံရဲ့ TikTok လူမှုကွန်ရက်ပလက် ဖောင်းကို ပိတ်ဆို့မှု စတင်အကျိုးသက်ရောက်စေမှုကနေ ၇၅ ရက်ရွှေ့ဆိုင်းဖို့ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို ထရန့်က လက်မှတ်ထိုးခဲ့ပြန်ပါတယ်။ ဒါပေမယ့်အမေရိကန်ပြည်ထောင်စုမှာ TikTok ရဲ့ ကံကြမ္မာကိုတော့ အတိအကျ မဆုံး ဖြတ်နိုင်သေးပါဘူး။
ဒါတွေကတော့ ဇန်နဝါရီလ ၂၀ ရက်မှာ သမ္မတ တာဝန်ယူအပြီး နာရီပိုင်းမှာပဲ ထရန့်ကလက်မှတ်ထိုးခဲ့တဲ့ ဥပဒေကဲ့သို့အာဏာတည်သောအမိန့်တွေနဲ့ ညွှန်ကြားချက်တွေပါ။ ညပိုင်းမှာ ဆက်လက်လက်မှတ်ထိုးမှာတွေ ရှိသေးတယ်ဆိုပါတယ်။
ဒါ့ပြင်အမေရိကန်ရဲ့ အဓိက ကုန်သွယ်ဖက်တွေဖြစ်တဲ့ မက္ကဆီကိုနဲ့ ကနေဒါတို့ကိုလည်း ဖေဖော်ဝါရီလ ၁ ရက်မှာ ကုန်သွယ်ခွန် ၂၅ ရာခိုင်နှုန်းပြဋ္ဌာန်းလိမ့်မယ်လို့ မျှော်လင့်ရပြန်ပါတယ်။
Ref–CNN