၂၁.၁.၂၀၂၅
Written by Hey Mar
မြူတွေကျနေတဲ့အချိန် လမ်းကြောမှားဝင်တဲ့ကားက စက်ဘီးစီးနင်းသူကို တိုက်မိကာ ချောင်းထဲထိုးကျ တိမ်းမှောက်ခဲ့တာကြောင့် စက်ဘီးသမားနေရာတင်သေဆုံးကာ ယာဉ်ပေါ်ပါသူနှစ်ဦး ကျိုးပဲ့ဒဏ်ရာတွေ ရရှိခဲ့တဲ့ဖြစ်စဉ် ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့မှာ ဒီနေ့ မနက် ၇ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က ဇန်နဝါရီ၂၁ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်မှာ ၀ါးခယ်မမြို့၊ ကြာဖြူကျေးရွာအနီး ကားလမ်းမမှာ ဖြစ်ပွားတာလို့ သိရှိရပြီး ညောင်တုန်းဘက်က ဆင်းလာတဲ့ မုန့်နှစ်အိတ်တင်ဆောင်လာတဲ့ ကန်တာယာဉ်အမျိုးအစားယာဥ်က မရမ်းချောင်ဘက်ကနေလာတဲ့ စက်ဘီးကို လမ်းကြောအယူမှားပြီး ဝင်တိုက်ကာ ချောင်းထဲထိုးကျ တိမ်းမှောက်ခဲ့တာလို့ သိရပါတယ်။
မြေပြင်အကူအညီ ရောက်ရှိခဲ့တဲ့ ဘက်စုံ စုပေါင်းကွန်ရက် ဝါးခယ်မမြို့ လူမှုကူညီရေးအသင်းတာဝန်ရှိသူက “သေဆုံးသူက အသက် ၄၀ ကျော်အရွယ်ပဲ။ ဝါးခယ်မအပိုင် သဲကုန်းရွာကပါ။ သူ့ရုပ်အလောင်းကို အခုပဲ သူ့ရွာကို ကျွန်တော်တို့ ပို့နေပါတယ်။ တစ်ဖက်က တိုက်တဲ့ကားပေါ်ကလည်း လူငယ်ပိုင်းတွေပဲ။ သုံးဆယ်ကျော် အရွယ်လောက်ပဲ။ သူတို့လည်း ဒဏ်ရာများတယ်” လို့ MT News ကို ပြောပါတယ်။
ဒဏ်ရာရရှိသူတွေနဲ့ သေဆုံးသူရဲ့ ရုပ်အလောင်းကို အဆိုပါ လူမှုကူညီရေးအသင်းကပဲ လူနာတင်ယာဥ်(၁)စီးနဲ့ နိဗ္ဗာန်ယာဥ်(၁)စီး ထွက်ခွာကာ ဒဏ်ရာရရှိသူ ကျား ၂ ဦးကို ၀ါးခယ်မမြို့ပြည်သူ့ဆေးရုံဆီ ပို့ဆောင်ပေးခဲ့ပြီး သေဆုံးသူ ကျား၁ဦးကို ဆေးရုံ ရင်ခွဲရုံမှတစ်ဆင့် နေရပ်ကို ပြန်လည်ပို့ဆောင်ကူညီခဲ့ကြတယ်လို့ သိရပါတယ်။