၂၁. ၁. ၂၀၂၅
Written by Nyein Kyaw
မြန်မာ-တရုတ်နယ်စပ် ချင်းရွှေဟော်နယ်စပ်ဂိတ်အား ယမန်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာပြည်မကြီးနှင့် ကုန်သွယ်၍မရသေးသော်လည်း တရုတ်ဘက်မှ စစ်လက်နက်ပစ္စည်းမှအပ ကုန်ပစ္စည်းအားလုံး တင်သွင်းခွင့်ပြုထားကြောင်း မြန်မာ-တရုတ်နယ်စပ် ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များထံမှ သိရသည်။
“မနေ့ကတည်းက ဖွင့်ပေးတယ်။ ပြည်မကြီးနဲ့တော့ ကုန်သွယ်လို့မရသေးဘူး။ သူက စစ်လက်နက်ပစ္စည်းကလွဲလို့ အကုန် လုံးသွင်းခွင့်ပြုတယ်။ တရုတ်ဘက်ကနေပေါ့။ သူက “ဝ”နဲ့ ကပ်လျက် မူဆယ်နဲ့တော့ဝေးတယ်” ဟု မြန်မာ-တရုတ်နယ်စပ် သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
တရုတ်အစိုးရ၏ ညွှန်ကြားချက်အရ “ဝ” မှ ကိုးကန့်ဒေသဘက်သို့ လွတ်လပ်စွာ ကုန်စည်ဖြတ်သန်းခွင့် စတင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း “ဝ” ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် – UWSA ဦးစီးချုပ်ရုံးက ဇန်နဝါရီ ၂၀ ရက်(ယမန်နေ့) ရက်စွဲနှင့် ထုတ်ပြန်ထားကြောင်း UWSA ထိန်းချုပ်မီဒီယာဖြစ်သည့် Wa News Land ကလည်း ဖော်ပြထားသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ကိုးကန့်ဒေသနှင့် “ဝ” ပြည်နယ် ဟိုပန်ကို ဆက်သွယ်ထားသည့် ဖောင်ဆိပ်တံတားမှတစ်ဆင့် မော်တော်ယာဉ်၊ လူနှင့်ကုန်စည်များ ထိန်းချုပ်ခြင်း အပြည့်အဝ လွတ်လပ်ခွင့် ပေးဆောင်ရန် ခွင့်ပြုလိုက်ကြောင်း တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာရုံးက အကြောင်းကြားစာ ရရှိခဲ့ကြောင်း ဖော်ပြခဲ့ထားသည်။
ထို့အပြင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့မှစတင်ပြီး ကိုးကန့်နယ်မြေအတွင်း ကုန်စည်ဖြတ်သန်းခွင့်များ ပြုလိုက်ကြောင်း ပါဝင်ခဲ့သလို စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းမှအပ သာမန်ပြည်သူများ၏ နေ့စဉ်ထွက်ကုန်၊ နေ့စဉ်ဘဝဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများအားလုံးကို ပုံမှန်အတိုင်း ရောင်းဝယ်ဖောက်ကားနိုင်ကြောင်းကိုလည်း ဖော်ပြထားသည်။
ချင်းရွှေဟော်နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သော်လည်း မြန်မာ-တရုတ်နယ်စပ်၏ အဓိကကုန်သွယ်ရေး မူဆယ် ၁၀၅ မိုင် နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်နိုင်ရေးမှာမူ မြန်မာ့တပ်တော်နှင့် MNDAA တို့အကြား အပစ်အခတ်ရပ်စဲမှုသတင်းများနှင့် ပတ်သက်ပြီး တရားဝင်ထုတ်ပြန်မည့်အချိန်ကို စောင့်ဆိုင်းရဦးမည်ဖြစ်ကြောင်း သိရသည်။
“မူဆယ်အနေအထားကတော့ လက်ရှိအနေအထားတော့ ပြောတဲ့အထဲတော့ မပါသေးဘူး။ နှစ်ဖက်စလုံး MNDAA ရော နစကဘက်ကရော တရားဝင်ထုတ်ပြန်ထားတာမရှိသေးဘူးပေါ့။ တရုတ်ရဲ့ သတင်းကို ကိုးကားပြီးပြောနေရတာ” ဟု ၎င်းက ပြောသည်။