၂၁.၁ .၂၀၂၅
Written by Hey Mar
ကိုယ်အင်္ဂါ ပျက်ယွင်းသည်အထိ ခုတ်ဖြတ်ကာ အသက်သုံးဆယ်အရွယ် လူငယ်အသတ်ခံရမှု ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ခပေါင်း ကျောင်းရှစ်ဆယ် ကျေးရွာမှာ မနေ့က ဇန်နဝါရီ ၂၀ ရက် ညနေ ၆ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
အဆိုပါ အသတ်ခံရသူမှာ ဦးခေါင်းကွဲ၊ မျက်နှာတစ်ခြမ်းပြတ်ကျ၊ ဘယ်လက်ဓားခုတ်ရာနှစ်ချက်၊ ညာလက်ညိုးတစ်ချောင်းပြတ်ကျဒဏ်ရာ၊ လည်ပင်း ဓားခုတ်ရာတစ်ချက် ရရှိကာ နေအိမ်အတွင်း သေဆုံးခဲ့တာလို့ သိရပါတယ်။
မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ နန်းတော်ဦး ပရဟိတ အသင်း တာဝန်ရှိသူက “ဘာလို့ သတ်လဲ၊ ဘာကြောင့်ဖြစ်လဲဆိုတာတော့ ကျွန်တော်တို့မသိဘူးခင်ဗျ။ ရဲတပ်ဖွဲ့က အလောင်းလာသယ်ပေးပါဆိုလို့ သွားသယ်ပေးခဲ့တာပါ။ ခပေါင်းဆည် အရှေ့ဘက်က ရွာပေါ့။ ဖြစ်တာက။ သက်ဆိုင်ရာ စုံစမ်းစစ်ဆေးတာတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ အလောင်းကို ရင်ခွဲရုံပို့ပေးခဲ့တာပါ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
လူသတ်မှုဖြစ်စဉ်က သေဆုံးသူရဲ့ ရုပ်အလောင်းကို နန်းတော်ဦးလူမှုကူညီရေးအဖွဲ့က သွားရောက်သယ်ဆောင်ကာ အုတ်တွင်းဆေးရုံရင်ခွဲရုံသို့ ကူညီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။