၂၀. ၁. ၂၀၂၅
Written by Nyein Kyaw
ပြည်သူ့ဆေးရုံများ၌ ကုသမှုခံယူသည့်အချိန်တွင် အရည်အသွေးပြည့်ဝသည့် စောင့်ရှောက်မှုများ ပေးအပ်နိုင်ရေးအတွက် ကုသရေးဆိုင်ရာနှင့် ဆေးရုံစီမံအုပ်ချုပ်မှုဆိုင်ရာ လက်တွေ့အသုံးချ သုတေသနများကို တိုးမြှင့်ဆောင်ရွက်ပေးရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ကျင်းပသည့် “(၅၃) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” ဖွင့်ပွဲအခမ်းအနားသို့ ပေးပို့သည့် ဂုဏ်ပြုဗီဒီယိုမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
“ပြည်သူတွေအနေနဲ့ ပြည်သူ့ဆေးရုံတွေမှာ တက်ရောက် ကုသမှုခံယူတဲ့အခါမှာ စိတ်ချမ်းသာရေး၊ လူနာဘေးကင်းလုံခြုံ စိတ်ချရေးနဲ့ အရည်အသွေးပြည့်ဝတဲ့ ကုသစောင့်ရှောက်မှုများ ပေးအပ်နိုင်ရေးအတွက် ကုသရေးဆိုင်ရာနဲ့ ဆေးရုံစီမံအုပ်ချုပ်မှုဆိုင်ရာ လက်တွေ့အသုံးချ သုတေသနလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ပေးကြပါ” ဟု SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထို့ပြင် ကျန်းမာရေးသုတေသနလုပ်ငန်းများမှတစ်ဆင့် မိမိတို့နိုင်ငံနှင့်သင့်လျော်မည့် ကျန်းမာရေးဆိုင်ရာ မူဝါဒများချမှတ်နိုင်ရေး၊ လူတိုင်းလက်လှမ်းမီသည့် အရည်အသွေးပြည့်ဝသည့် ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို အားလုံးကိုယ်စီရရှိနိုင်ရေးနှင့် မိမိတို့နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်း ပိုမိုမြင့်မားလာစေရေးအတွက် ဆောင်ရွက်ရန် SAC ဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်။
အထူးသဖြင့် ပြည်သူများ အခြေခံကျန်းမာရေးကောင်းမွန်ပြီး သက်ရှည်ကျန်းမာကြံ့ခိုင်ကြရန် လိုအပ်ကြောင်း။ ယင်းကဲ့သို့ နေထိုင်နိုင်ရန်အတွက် အာဟာရပြည့်ဝပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများကို ရွေးချယ်စားသုံးနိုင်ရေး၊ ကျန်းမာရေးနှင့် ညီညွတ်အောင် နေထိုင်ပြုမူရေး စသည်တို့နှင့် ပတ်သက်သည့် လက်တွေ့အသုံးချ ကျန်းမာရေးသုတေသနများကို တိုးမြှင့်ဆောင်ရွက်ပြီး တွေ့ရှိချက်များကို ပြည်သူများသိရှိစေရေး ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်ပြီး အသိပညာပေးရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ယခု “(၅၃) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” သို့ ပေးပို့လာသည့် သုတေသနစာတမ်းများကို ညီလာခံတွင် တင်သွင်းဖတ်ကြားနိုင်ရန် စာတမ်းကြီးကြပ်ရေးဆပ်ကော်မတီက အခြေခံသုတေသနစာတမ်း၊ အသုံးချသုတေသနစာတမ်း၊ လူမှုရေးနှင့် ကျန်းမာရေးစနစ် သုတေသနစာတမ်းများအဖြစ် စနစ်တကျ အမျိုးအစားခွဲခြားသတ်မှတ် စိစစ်ရွေးချယ်ဆောင်ရွက်ထားကြောင်းနှင့် သုတေသနစာတမ်း ၅၄ စောင်နှင့် ပိုစတာ ၄၃ စောင် ဖတ်ကြားပြသသွားရန် စီစဉ်ထားကြောင်း သိရသည်။