၂၀.၁ ၂၀၂၅
Written by Shwe Phyo
ရခိုင်လက်နက်ကိုင်အဖွဲ့ AAသည် ပြီးခဲ့သောရက်ပိုင်းတွင် ဖမ်းဆီးခဲ့သော ဘင်္ဂလားဒေ့ရှ်ကုန်စည်သင်္ဘောသုံးစင်းအနက်မှ နှစ်စင်းကို ဇန်နဝါရီ ၂၀ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက်မီဒီယာများတွင် ဖော်ပြထားသည်။
AA အဖွဲ့သည် ကုန်သင်္ဘောသုံးစင်းကို လေးရက်ကြာဖမ်းဆီးခဲ့ပြီးနောက် နှစ်စင်းကို ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ရာ ကုန်တင်သင်္ဘောနှစ်စီးက တက်နက်ဖ် ဆိပ်ကမ်းတွင် ကမ်းကပ်ထားကြောင်း သိရသည်။
သို့သော်လည်း AA သည် ကုန်စည်သင်္ဘောတစ်စီးကို ဆက်လက် ဖမ်းဆီးထားဆဲဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက်မီဒီယာများတွင် ဖော်ပြထားသည်။
တက်နက်ဖ်ဆိပ်ကမ်း တာဝန်ရှိသူတစ်ဦးဖြစ်သော ဘာဒူဒါက AA အဖွဲ့သည် ဇန်နဝါရီ ၁၆ ရက်နေ့က မြန်မာနိုင်ငံမှ တက်ဖ်နက် ဆိပ်ကမ်းဘက်သို့ ဦးတည်မောင်းနှင်လာသော ကုန်စည်သင်္ဘောသုံးစီးကိုဖမ်းဆီးခဲ့ကြောင်း၊ AAအဖွဲ့သည် ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ဒေသဖြစ်သော နတ်မြစ်တစ်လျှောက် စစ်ဆေးရှာဖွေမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၂၀ ရက်နေ့နံနက်ပိုင်းတွင် ဖမ်းဆီးခံထားရသော သင်္ဘောနှစ်စီးသည် ဆိပ်ကမ်းသို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း၊ ကုန်စည်သင်္ဘောသုံးစီးသည် ကော်ဖီ၊ ကွမ်းသီး၊ အသီးအနှံများ အပါအဝင် ကုန်စည် အမျိုးမျိုးကိုတင်ဆောင်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိပ်ကမ်းသို့ ပြန်လာချိန်တွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေရှ့်သတင်းများတွင် ရေးသားဖော်ပြထားသည်။
ကုန်စည်သင်္ဘောတစ်စီးက ဆက်လက်ဖမ်းဆီးခံရခြင်းဖြစ်ပြီး မကြာမီပြန်လွှတ်ပေးမည်ဟု မျှော်လင့်ထားကြောင်း သတင်းအရင်းမြစ်က ပြောသည်။ တက်ဖ်နက် ဆိပ်ကမ်းအာဏာပိုင်တစ်ဦးဖြစ်သော ဂျာဆင် အူဒင် ချောင်ဒရီကလည်း” ရခိုင်လက်နက်ကိုင်အဖွဲ့ဟာ တက်နက်ဖ်ဆိပ်ကမ်းကို ပြန်လာတဲ့ ကုန်စည်သင်္ဘောသုံးစီးကို ထိန်းသိမ်းခဲ့တယ်။ အဲဒီသင်္ဘောသုံးစီးထဲက နှစ်စီးကို ပြန်လွှတ်ပေးခဲ့တယ်။ ဒါပေမယ့် တစ်စီးကတော့ ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်”ဟုပြောသည်။
အဆိုပါ ကုန်စည်သင်္ဘောသုံးစီးအပေါ်တွင် အိတ်ပေါင်း ၅၀၀၀၀ ကျော်တင်ဆောင်ထားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံးငွေကြေးတာကာ ကျပ်သန်း ၄၀၀ ကျော်ရှိကာ ဘင်္ဂလားဒေ့ရှ်ကုန်သည်များက မှာယူခဲ့သောကုန်စည်များဖြစ်ကြောင်း သိရသည်။
Ref, jagonews24